တာချီလိတ်မြို့နယ်အတွင်း ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ် စတင်

တာချီလိတ်မြို့နယ်အတွင်း ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ် စတင်
သြဂုတ် 27, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင်  အမှီလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ် စတင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အသက် (၁၅) နှစ်အောက်ကလေးများအား ဆုံဆို့နာ အမှီလိုက်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့ မနက် (၉) နာရီမှစတင်၍ ရပ်ကွက်၊ ကျေးရွာအလိုက် စုရပ်များ၌ ထိုးနှံပေးနေပြီဖြစ်သည်။
"ကျွန်တော်တို့ ကလေး (၁၀,၀၀၀) ကျော်ကို ထိုးဖို့ စီစဉ်ထားပါတယ်။ ဒီလိုလုပ်ဖို့က ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေမပါဘဲနဲ့ နောက်ဆုံးအဆုံးစွန်ကတော့ ပြည်သူတွေမပါဘဲနဲ့ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ဖြစ်စေချင်တဲ့အတိုင်း လုပ်ဖို့မလွယ်ပါဘူး။ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော၊ အစစအရာရာ ပံ့ပိုးပေးမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူကြီးမင်းများရော ဒီ (၁၀) ရက်မှာ သတိလေးထားပြီး လူစုလူဝေးကိစ္စတွေကို ဝိုင်းဝန်းပေးကြပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများမှ နေရာများခွဲပြီး အမှီလိုက်ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးနေရာတွင် ကာကွယ်ဆေးထိုးရန် လိုအပ်သည့် ကလေးငယ်များကို တစ်ယောက်မကျန်ထိုးနှံပေးမည်ဖြစ်သဖြင့် ကလေးမိဘများအနေဖြင့် လူစုလူဝေးမဖြစ်စေရန် စောင့်ဆိုင်းပေးရန် ကျန်းမာရေးဌာနက မေတ္တာရပ်ခံထားသည်။
"တာချီလိတ်မှာရှိတဲ့ကလေးတွေက ၂၀၂၀ ဖေဖော်ဝါရီနောက်ပိုင်း မိတဲ့ကလေးတွေက (ကာကွယ်ဆေး) (၄) ကြိမ်ရထားတယ်။ အဲဒီအရင်ကလေးတွေက (၃) ကြိမ်ရထားတယ်။ (၃) ကြိမ်ရထားရင်ကို ရာခိုင်နှုန်းက (၉၀) ရာခိုင်နှုန်းကာကွယ်နိုင်တယ်။ ဖြစ်ပြီးတော့ နောက်တစ်ယောက်ကူးတယ်ဆိုတာ ကျွန်တော်တို့သည်သာ ကာကွယ်ဆေးကို ပြည့်ပြည့်ဝဝထိုးထားရင် ဘေးမှာဘယ်လောက်ဖြစ်ဖြစ် ကူးခံရမယ့်ရာခိုင်နှုန်း တအားနည်းတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ဆုံဆို့နာရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဖြင့် သြဂုတ်လ (၂၇) ရက်နေ့မှစတင်ပြီး (၁၀) ရက်အတွင်း ကာကွယ်ဆေးလိုအပ်သည့်ကလေးတိုင်းကို ထိုးနှံပေးသါားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~