တာချီလိတ်မြို့တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူနေပြီး   အခြားဥပဒေချိုးဖေါက်မှုများကိုပါ တပါတည်း တရားစွဲဆိုနေ

တာချီလိတ်မြို့တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူနေပြီး   အခြားဥပဒေချိုးဖေါက်မှုများကိုပါ တပါတည်း တရားစွဲဆိုနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက အခြားယာဉ်စည်းကမ်း ဥပဒေချိုးဖေါက်မှုများကိုပါ တပါတည်း တရားစွဲဆိုနေကြောင်း သိရသည်။

 

ဖမ်းဆီးအရေးယူထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ



 ဆိုင်ကယ်စီးရင် သူ့စည်းကမ်းတကျ စီးရမယ်။ အခုက ပါဝါအိတ်ဇောတပ် စီးတယ်။ ယာဉ်မောင်းလိုင်စင် မပါဘူး။ (၃) ယောက်စီးတာ ပါတယ်။ ဦးထုပ်မဆောင်းဘူး။  ဖြစ်လာရင် ဆိုင်ကယ်နဲ့ပတ်သက်ပြီး အသက်အန္တရာယ် ဆုံးရှုံးတာများတယ်။ အဓိက က ဦးထုပ်ဆောင်းစေချင်တယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလေး လိုက်နာစေချင်တယ်

ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပြောသည်။

ပါဝါအိတ်ဇောတပ်ပြီး ပုံစံပြောင်းလဲ ထားသည့် ဆိုင်ကယ်

အသံဆူညံစေသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးနေပြီး (၃) ယောက် စီးနင်းခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများရှိပါက ချိုးဖောက်သည့် ပြစ်မှုအလိုက် တပါတည်း တရားစွဲဆိုတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပါဝါအိတ်ဇောတပ် ဆိုင်ကယ် (၂၁) စီး ဖမ်းဆီးရမိရာ ဆိုင်ကယ်ကို သိမ်းယူပြီး တရားရုံးဒဏ်ငွေပေးဆောင်ပြီးပါက ပါဝါအိတ်ဇောကို ဖြုတ်သိမ်းကာ မူရင်းအိတ်ဇောကို ပြန်လည်တပ်ဆင်စေခြင်း၊ ကာဗာဖြုတ်ခြင်း၊ ပုံဖေါ်ခြင်းများ ပြုလုပ်ထားသည့် ဆိုင်ကယ်များကိုလည်း မူလအတိုင်း ကာဗာပြန်လည်တပ်ဆင်စေခြင်းများကို ပြုလုပ်ပြီးမှ ဆိုင်ကယ်ပြန်ထုတ်ပေးနေကြောင်း သိရသည်။



ဆိုင်ကယ်များ၏ မူလအိတ်ဇောများကို ပါဝါအိတ်ဇောဖြင့် လဲလှယ်ခြင်း၊ အိပ်ဇောသံ ကျယ်လောင်စေရန် ပြုပြင်ထားခြင်းများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agecny

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။