တစ်ရက်လျှင် လူဦးရေ(၅၀၀)နှုန်းဖြင့် ဘီပိုးကာကွယ်ဆေးအား တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်တွင် အခမဲ့ထိုးပေးနေ

တစ်ရက်လျှင် လူဦးရေ(၅၀၀)နှုန်းဖြင့် ဘီပိုးကာကွယ်ဆေးအား တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်တွင် အခမဲ့ထိုးပေးနေ
နိုဝင်ဘာ 19, 2019
By Tachileik News Agency
တစ်ရက်လျှင် လူဦးရေ(၅၀၀)နှုန်းဖြင့် ဘီပိုးကာကွယ်ဆေးအား တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်တွင် အခမဲ့ထိုးပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘီပိုး(Hepatitis B Virus)ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအတွက် ဒုတိယမြောက် ကာကွယ်ဆေးကို မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းတိုက်အတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များ၌ နေ့စဉ် နံနက် (၈)နာရီခွဲမှစ၍ အခမဲ့ထိုးနှံပေးနေပြီဖြစ်သည်။

မဟာမြတ်မုနိကျောင်းတိုက်ဝန်းတွင် ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်ပြီး ပထမအကြိမ်က ပေးထားသည့် ကာကွယ်ဆေးထိုးမှတ်တမ်းကိုပါ ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်ရက်လျှင် လူ (၅၀၀) နှုန်းဖြင့် တာချီလိတ်ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြသဟာအထူးကုဆေးရုံနှင့် ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော်ဆေးရုံ(ခုတင်-၃၀၀) မှဆရာဝန်များ၊ သူနာပြုများအဖွဲ့က ထိုးနှံပေးသွားမည်ဖြစ်သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀) အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net