တာချီလိတ် မဟာမြတ်မုနိကျောင်းတွင် အသည်းရောင် B ပိုးကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေးမည်

တာချီလိတ် မဟာမြတ်မုနိကျောင်းတွင် အသည်းရောင် B ပိုးကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေးမည်
နိုဝင်ဘာ 17, 2019
By 🌸

တာချီလိတ် မဟာမြတ်မုနိကျောင်းတွင် အသည်းရောင် B ပိုးကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀)ရက်နေ့များ၌ မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝန်းအတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်သည်။

"တစ်ရက် လူဦးရေ(၅၀၀) စီ ထပ်ထိုးပေးမှာပေါ့။ မဟာမုနိကျောင်းတိုက်ထဲမှာပဲ။ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းဖောင်ဒေးရှင်းက ပထမအကြိမ် ကာကွယ်ဆေးထိုးထားတဲ့သူတွေကို ပြန်ထိုးပေးမှာ။ အသစ်တွေတော့ ထပ်ထိုးမပေးဘူး"ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမြတ်မုနိကျောင်းတိုက်ဝန်းတွင် အောက်တိုဘာ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမည့် နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များ၌ ပထမအကြိမ်က ကာကွယ်ဆေးထိုးမှတ်တမ်း ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀)အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်
ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net