တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့်လက်နက် ဆက်စပ်အမှုများကြောင့် ထောင်ဒဏ် (၁၁)နှစ်ချမှတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး (၉)လကျော်အကြာတွင်  ပြန်လွတ်လာပြီးနောက် စစ်တပ်က ပြန်လည်ဖမ်းဆီး

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့်လက်နက် ဆက်စပ်အမှုများကြောင့် ထောင်ဒဏ် (၁၁)နှစ်ချမှတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး (၉)လကျော်အကြာတွင်  ပြန်လွတ်လာပြီးနောက် စစ်တပ်က ပြန်လည်ဖမ်းဆီး
စက်တင်ဘာ 11, 2023 | ရှမ်းရှေ့

တာချီလိတ်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေး  မူးယစ်ဆေးဝါးနှင့်လက်နက် ဆက်စပ်အမှုများကြောင့် ထောင်ဒဏ် (၁၁)နှစ် ချမှတ်ခံရပြီးနောက် (၉)လကျော်အကြာတွင် အယူခံအောင်၍ဟုဆိုကာ ထောင်ကနေ ဂွင်းလုံးကျွတ်လွတ်မြောက်လာသော်လည်း   အယူခံအောင်သည့် ကိစ္စနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့် စစ်တပ်က ၎င်းအား ၂၀၂၃ခုနှစ် စက်တင်ဘာလ၏ ပထမပတ်အတွင်း၌ ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။



"ဗိုလ်လုံ မြင့်ထွေး ထောင်ကနေ ထွက်လာပြီးတော့ ဖမ်းခံရစဉ်က သွားကို ထိခိုက်ထားတာတွေနဲ့  ကျန်းမာရေးထိခိုက်ထားတာတွေကြောင့် ထိုင်းဘက်မှာ ဆေးသွားကုသေးတယ်။ ထိုင်းကနေ ဆေးကု ပြန်လာပြီးနောက် မန္တလေးသွားတာ မန္တလေးမှာ ဖမ်းခံရတယ်လို့ ကြားတယ်။ ဘုန်းကြီးသွားဝတ်မယ်လို့ ပြောသံ ကြားပေမဲ့ ဘာအတွက် သွားလဲတော့ သေချာ မသိဘူး။ အဓိက ကတော့ တာချီလိတ် စစ်တပ်က ဖမ်းခိုင်းတာလို့ သိရတယ်"ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ဗိုလ်လုံမြင့်ထွေးဆိုသူ နှင့် ပတ်သက်ပြီး တာချီလိတ်မြို့မှ စစ်တပ်မှ  တိုင်းမှူးအဆင့်ဆင့်နှင့်စစ်တပ် အရာရှိကြီးများ အပါအဝင် ရဲအရာရှိကြီးများနှင့် ခင်မင်ကျွမ်းဝင် ရင်းနှီးသည့် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်မေရီကိုလည်း စရဖက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် ၎င်း၏ စားသောက်ဆိုင်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ စက်တင်ဘာလ(၁၁)ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ စစ်တပ်ထဲတွင် ထားရှိဆဲဖြစ်ကြောင်း သိရသည်။

"မမေရီကို ခုထိ ပြန်မလွတ်သေးဘူး တြိဂံစစ်တိုင်းရုံးမှာ ထားထားတယ်လို့ ကြားတယ်။ ဗိုလ်လုံမြင့်ထွေး အယူခံအောင်တာနဲ့ပတ်သက်ပြီး ဖမ်းတယ်လို့ အတွင်းစကား ကြားရတယ်။"ဟု မမေရီ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဗိုလ်လုံမြင့်ထွေး ဆိုသူနှင့် မမေရီတို့ကို စစ်တပ်က ဖမ်းထားပြီး တရားရေးနှင့် ပတ်သက်၍လည်း ခေါ်စစ်မည်ဟု ကြားသိရကြောင်း ဒေသတွင်း၌ ပြောဆိုနေကြသည်။

"ဗိုလ်လုံမြင့်ထွေး ကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ် (၁၁)နှစ်အထိ ချမှတ်ထားတာကိုတောင် အယူခံအောင် အောင် လုပ်ပေးတယ်ဆိုပြီး မမေရီကို ဖမ်းတာ။ ဗိုလ်လုံမြင့်ထွေးကိုတော့ မန္တလေးမှာ ဖမ်းလိုက်တယ်ပြောတယ်။ နောက်တခု ကြားတာက အယူခံအောင် အောင် လုပ်ပေးတဲ့ ရှေ့နေနဲ့ တရားသူကြီးကိုလည်း စရဖ က ခေါ်စစ်မယ်လို့တော့ ကြားတာပဲ။ တရားရေးဘက်ကတော့ ကြောက်နေကြတယ်။ ဘယ်နေ့ ခေါ်စစ်မလဲတော့ သေချာမသိဘူး။ ရဲဘက်ကတောင် ဘာမှ ဝင်မပါတော့တာကို စစ်တပ်က ဘာကြောင့် ဝင်ပါပြီး ဖမ်းထားလဲ ဆိုတာကိုတော့ နားမလည်နိုင်ဘူး။"ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်လွန်းသည့် ဝါရင့် အမျိုးသမီးရှေ့နေ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြောသည်။

ရဲဝန်ထမ်းဟောင်း ဗိုလ်လုံမြင့်ထွေး ဆိုသူသည် တာချီလိတ်မြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင်အဖြစ် တာဝန်ယူစဉ်ကတည်းက ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံလုပ်ငန်းများ အပါအဝင်  မူးယစ်ဆေးဝါးများပါ တွဲ၍ ရောင်းချပေးခြင်း၊ လောင်းကစားလုပ်ငန်းများတွင် အမည်ခံပေးခြင်း၊ လစဉ်ကြေးများရယူပြီး ပြည်နယ်အဆင့်ဆင့်အထိ အထက်အရာရှိများကို ပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးသူဟု နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သလို တာချီလိတ်မှ ပြောင်းရွှေ့သွားပြီးနောက် လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)တာချီလိတ်သို့ ပြန်လည်ရောက်ရှိပြီး ရဲအုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ရဲဝန်ထမ်းအဖြစ်မှ ထွက်ခဲ့သူဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းထားသည့် ကာလအတွင်း၌ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြင့် ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းအား  ဝမ်ပုံနယ်မြေရဲစခန်းတွင်  ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ (ပ) ၃၈/၂၀၂၂၊ အမှုကြီး အမှတ်စဥ် ( ၂/ ၂၀၂၂) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားပြီးနောက် ငွေကြေးများရယူထားသည့် ရဲတပ်ဖွဲ့နှင့်တရားရေးတို့ကြောင့် ထောင်ဒဏ် ချမှတ်ခံရခြင်းမရှိဘဲ ပြန်လည်လွတ်မြောက်လာသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။