စစ်တပ်နှင့်ရဲ အဆင့်မြင့် အရာရှိကြီးများနှင့် ရင်းနှီးသည့် တာချီလိတ်မြို့မှ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးထား

စစ်တပ်နှင့်ရဲ အဆင့်မြင့် အရာရှိကြီးများနှင့် ရင်းနှီးသည့် တာချီလိတ်မြို့မှ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးထား
စက်တင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စစ်တပ်မှ  တိုင်းမှူးအဆင့်ဆင့်နှင့်စစ်တပ် အရာရှိကြီးများ အပါအဝင် ရဲအရာရှိကြီးများနှင့် ခင်မင်ကျွမ်းဝင် ရင်းနှီးသည့် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကို စစ်တပ် က  (၂၄)နာရီကျော်သည်အထိ ဖမ်းဆီးထားပြီး ပြန်မလွတ်သေးကြောင်း သိရသည်။



"ဘာကြောင့် ဖမ်းလဲဆိုတာတော့မသိဘူး။ မနေ့က သူ့ဆိုင်မှာ လာဖမ်းသွားတာ ဒီနေ့ ညနေအထိကို ပြန်မလွတ်သေးဘူးလို့ သိရတယ်။ အဲ့အမျိုးသမီးက စစ်တပ်က တိုင်းမှူးတွေ ရဲအရာရှိကြီးတွေနဲ့ ခင်မင်မှုရှိတဲ့သူပဲ။ လိုအပ်တာဆိုလည်း ထောက်ပံ့လှူဒါန်းပေးတဲ့သူ ခုက ဘာလို့ ဖမ်းထားလဲဆိုတာကို မသိဘူး။"ဟု မယ်ခေါင်ရပ်ကွက်အတွင်းနေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၇)ရက်နေ့တွင် ပြောသည်။



၂၀၂၃ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က ဖမ်းခံထားရသူမှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း၌ ဖွင့်လှစ်ထားသည့်  စားသောက်ဆိုင် ပိုင်ရှင် ဒေါ်မေရီ ဖြစ်ပြီး ၎င်းအား စစ်ယူနီဖောင်းဝတ် (၂)ဦး အပါအဝင် အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စားသောက်ဆိုင်အနီးဝန်းကျင်မှ မြင်တွေ့ရသူများထံက သိရသည်။