စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဇွဲသာယာကမ်းခြေ ပိုင်ရှင် ဦးဇွဲက ရဲနှင့်ပေါင်းပြီး "ခွေးကို ပစ်ရာမှ လူကို ထိသည့်၍ သေသည်"ဟု လိမ်သည့် ကိစ္စ ဖြစ်ရပ်အမှန်ကို သေဆုံးသူ၏ မိခင်ကိုယ်တိုင်ပြော

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း မြန်မာ - ထိုင်း - လာအိုနယ်စပ် မဲခေါင်မြစ်ဘေးရှိ ဇွဲသာယာကမ်းခြေတွင် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သူ လက်ရှိ စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့် ဇွဲသာယာဆိပ်ကမ်းပိုင်ရှင် ဦးဇွဲက သေနတ်ဖြင့် ခွေးကို ပစ်ခတ်ရာမှ လူကို ထိမှန်သေဆုံးသည်ဟု ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး လိမ်လည်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိခင်ကိုယ်တိုင်က ပြန်လည်ပြောပြသည့် ဗီဒီယိုမှတ်တမ်းကို  Tachileik News Agency ရရှိထား၍ ပြန်လည် တင်ဆက်ပေးလိုက်ပါသည်။

သေဆုံးသူ၏ မိခင်ကိုယ်တိုင်ပြောကြားထားသည်မှာ ဦးဇွဲက ခွေးကို ပစ်ခြင်းမဟုတ်ဘဲ ၎င်း၏ ကမ်းခြေတွင် စားသောက်ဆိုင်ခန်းများမှ လာရောက်သည့် ဧည့်သည်ကို ဈေးသည်အချင်းချင်း လုကြရင်း နောက်ဆုံးတွင် ဦးဇွဲထံ ရောက်လာပြီး ဆက်လက် စကားများကြရာမှ ဦးဇွဲက   ဒေါသပါပြီး သေနတ်ဖြင့် အနည်းဆုံး (၁)ချက်မှ (၂)ချက်အထိ ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က ဖြစ်ပွားသည့် ဖြစ်စဉ်တွင်  တာချီလိတ်ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းက ရန်ဖြစ်နေသည့် ခွေးများကို ခြောက်လန့်ရင်း သေနတ်ဖြင့် မြေပြင်ကို ပစ်ခတ်ရာမှ ကျည်သည် ကျောက်ခဲကို ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ  ကမ်းခြေတွင် ဈေးရောင်းနေသော မလှလှဝင်း(ခ) မလှရီ ၏ ရင်အုံကို ထိမှန်ကာ ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်ဟု အမှုပေါ့စေရန်အလိုငှာ အထက်ဌာန အဆင့်ဆင့်သို့ ကြေးနန်းရေးသားကာ တင်ပြပေးထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံက သိရသည်။ 

ယင်းသို့ အထက်ဌာနသို့ တင်ပြထားသည့် ရဲကြေးနန်းပါ အချက်အလက်များအတိုင်း ဒေသတွင်းရှိ သတင်း Page များတွင်လည်း ရေးသားဖော်ပြခိုင်းသည်ဟု သိရသည်။

သေဆုံးသူမှာ ဈေးဆိုင်ဖွင့်လှစ်ထားသူမဟုတ်ဘဲ အခြားဈေးဆိုင်တွင် အလုပ် လုပ်နေသည့် အသက်(၄၀)ဝန်းကျင်အရွယ် မလှလှဝင်း(ခ) မလှရီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဇွဲ တို့ဘက်က ငွေကြေးများနှင့်ပါ ညှိနှိုင်းမှုများ လုပ်ဆောင်နေခြင်းရှိသော်လည်း ကျန်ရစ်သူ ကာယကံရှင်ဘက်က မကြေအေးပေးနိုင်ကြောင်း သိရသည်။

လက်ရှိတွင်  ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းအား ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် ဝမ်ပုံနယ်မြေရဲစခန်းတွင်  ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ (ပ) ၃၈/၂၀၂၂၊ အမှုကြီး အမှတ်စဥ် ( ၂/ ၂၀၂၂) ဖြင်​့ အမှုဖွင့် ထားပြီး အချုပ်ခန်းအတွင်း၌ ဖုန်းနှင့် အင်တာနက်ပါ အသုံးပြုခွင့်ပေးထားသည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်သတ်သူမှာ  စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သလို လက်ရှိအထိ စစ်တပ်၏ လက်အောက်ခံ မိုင်းဖုန်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း နှင့် ၎င်းသည် သေနတ်ကို ယခင်ကတည်းက ထုတ်သုံးလေ့ရှိပြီး တိုင်းမှူးအဆက်ဆက်နှင့် အချိတ်အဆက်ရှိ၍ ပြည်သူ့စစ်ကို ထိန်းကွပ်သည့် တာချီလိတ်တပ်နယ်ကပင်လျှင် ထိန်းမနိုင်၍ လွှတ်ထားရသူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်သော်လည်း တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်များကို ထိန်းကွပ်ကိုင်တွယ်သည့် တာချီလိတ်စစ်ဗျူဟာကလည်း အရေးယူခြင်းမရှိဘဲ ရဲတပ်ဖွဲ့ကသာ လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။