တာချီလိတ်မြို့တွင် ရဲအုပ်ဟောင်း ဗိုလ်လုံမြင့်ထွေး၏ KTV တွင် မူးယစ်ဆေးဝါးများ တွေ့ရှိ၍ ယာယီချိတ်ပိတ်ပြီး အရက်ဘီယာ တရားမဝင် ရောင်းချမှုဖြင့်ပါ ယစ်မျိုးဥပဒေဖြင့် ထပ်မံ အမှုဖွင့်

 တာချီလိတ်မြို့တွင် ရဲအုပ်ဟောင်း ဗိုလ်လုံမြင့်ထွေး၏ KTV တွင် မူးယစ်ဆေးဝါးများ တွေ့ရှိ၍ ယာယီချိတ်ပိတ်ပြီး အရက်ဘီယာ တရားမဝင် ရောင်းချမှုဖြင့်ပါ ယစ်မျိုးဥပဒေဖြင့် ထပ်မံ အမှုဖွင့်

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရဲအုပ်ဟောင်းတစ်ဦး၏ Music Zone KTV  တွင် မူးယစ်ဆေးဝါးများ တွေ့ရှိ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး KTV အား တရားမဝင် အရက်ဘီယာ ရောင်းချမှုနှင့်ပါ အမှုဖွင့်ပြီး ယာယီချိတ်ပိတ်ထားလိုက်ကြောင်း သိရသည်။

တာချီလိတ်စစ်ဗျူဟာ နှင့် စရဖ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ တာချီလိတ်ခရိုင်ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့ အကူးပိုင်းအချိန်က လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)တာချီလိတ်၏ ရဲအုပ်ဟောင်း ဖြစ်သူ မြင့်ထွေး၏ Music Zone KTV  တွင် မူးယစ်ဆေးဝါးသတင်းရ သွားရောက် ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ KTV တွင် စိတ်ပြောင်းမူးယစ်ဆေးဝါးအသစ်ဖြစ်သည့်  Happy Water (၂၂၃)ဂရမ် အပါအဝင် ကတ်တမင်း (၃၃.၅)ဂရမ်၊ အက်တက်စီဆေးပြား (၂)ပြားတို့ကိုသိမ်းဆည်းရမိရာမှ ဆိုင်ရှင်ဖြစ်သည့်  ရဲအုပ်ဟောင်း ဖြစ်သူ မြင့်ထွေး၏ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်ကိုလည်း သွားရောက်စစ်ဆေးရာ နေအိမ်တွင်  ကျည်မျိုးစုံ ( ၅၇ )တောင့် နှင့် မှန်ပြောင်းများ အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းရမိကြောင်း သိရသည်။ 

မူးယစ်ဆေးဝါးများ တွေ့ရှိရသည့် KTV တွင် မူးယစ်ဆေးဝါးများအပြင် မြန်မာဘီယာများ နှင့် ဆင်းဂါဘီယာများ၊ ဝိုင်ပုလင်းမျိုးစုံ အပြင် အရက်ပုလင်းမျိုးစုံတို့ကို တွေ့ရှိရ၍ တရားမဝင် အရက်ဘီယာရောင်းချမှုဖြင့် Music Zone KTV ၏ မန်နေဂျာဖြစ်သူ အသက်(၅၆)နှစ်အရွယ် မြသန်းအား မူးယစ်ဆေးဝါးအမှု အပါအဝင် ယစ်မျိုးအမှုဖြင့်ပါ အမှုဖွင့်ပြီး KTV အား ယာယီချိတ်ပိတ်သိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါနေ့က ဖမ်းမိသည့်  Music Zone KTV ပိုင်ရှင် လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)တာချီလိတ်၏ ရဲအုပ်ဟောင်း ဖြစ်သူ အသက်(၅၁)နှစ်ရှိ မြင့်ထွေး နှင့် မန်နေဂျာဖြစ်သူ မြသန်း အပါအဝင် မျိုးဇော်ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေသလို ရဲအုပ်ဟောင်း မြင့်ထွေးနှင့် ပတ်သက်ဆက်နွယ်မှုများကို စစ်တပ်က စစ်ကြောနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

KTV ကို ဖမ်းဆီးပြီးနောက် ရဲအုပ်ဟောင်း မြင့်ထွေး၏ အွန်လိုင်းဂိမ်းလုပ်ငန်းများစွာထဲက အချို့နေရာများကို ဝင်ရောက် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာ တရားမဝင် နေထိုင်သည့် ထိုင်းနိုင်ငံသားအချို့ကိုလည်း ဖမ်းဆီးရမှုများရှိကြောင်းလည်း သိရသည်။

ရဲဝန်ထမ်းဟောင်း မြင့်ထွေး ဆိုသူသည် တာချီလိတ်မြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင်အဖြစ် တာဝန်ယူစဉ်ကတည်းက ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံလုပ်ငန်းများ အပါအဝင်  မူးယစ်ဆေးဝါးများပါ တွဲ၍ ရောင်းချပေးခြင်း၊ လောင်းကစားလုပ်ငန်းများတွင် အမည်ခံပေးခြင်း၊ လစဉ်ကြေးများရယူပြီး ပြည်နယ်အဆင့်ဆင့်အထိ အထက်အရာရှိများကို ပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးသူဟု နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သလို တာချီလိတ်မှ ပြောင်းရွှေ့သွားပြီးနောက် လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)တာချီလိတ်သို့ ပြန်လည်ရောက်ရှိပြီး ရဲအုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ရဲဝန်ထမ်းအဖြစ်မှ ထွက်ခဲ့သူဖြစ်သည်။

လက်ရှိသည် ၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်းနှင့်မကင်းသည့် လစဉ် ငွေကြေးရယူထားသည့် ဌာနအဆင့်ဆင့် နှင့် အကြီးအကဲများက ယခင်က ရဲဝန်ထမ်းဟောင်းတစ်ဦးလို အမည်များဖော်မည်ကို ထိတ်လန့်နေလျှက်ရှိသည်ဟု သိရသည်။