UWSA တပ်စခန်းများရှိသည့် မနီးမဝေး မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်နှင့်မြန်မာစစ်တပ်တို့ ပူးတွဲ ကင်းလှည့်

UWSA တပ်စခန်းများရှိသည့် မနီးမဝေး မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်နှင့်မြန်မာစစ်တပ်တို့ ပူးတွဲ ကင်းလှည့်
ဇွန် 23, 2023 | ရှမ်းရှေ့

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တပ်စခန်းများရှိရာ မနီးမဝေးဖြစ်သည့် ထိုင်းနိုင်ငံ ချင်းဒေါင်းမြို့နယ် နှင့် မြန်မာနိုင်ငံ ပုံပါကျင်အကြား နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ် နှင့် မြန်မာစစ်တပ်တို့ ပူးတွဲကင်းလှည့်မှုများကို ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းစစ်တပ်၏ ဖာမိန်းအထူးလှုပ်ရှားစစ်ကြောင်း နှင့် မြန်မာဘက် BP1 ဂိတ်မှ ဗိုလ်မှူး ညီညီအောင်(နီနီအောင်)နှင့်တပ်ဖွဲ့တို့ ပူးတွဲ ကင်းလှည့်ခဲ့ကြခြင်း ဖြစ်ကြောင်း နှင့် ထိုင်းစစ်ဘက်က ရိက္ခာအနည်းငယ် ပေးခဲ့ကြောင်းလည်း သိရသည်။

ထိုင်းစစ်တပ်အနေဖြင့် ယခုလို ကင်းလှည့်ခြင်းမှာ မြန်မာဘက်ကနေ ဝင်ရောက်လာလေ့ရှိသည့် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုများကို တားဆီးနိုင်ရေးနှင့် သတင်းအချက်အလက် ဖလှယ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် မေလ၏ နောက်ဆုံးပတ်အတွင်းကလည်း ထိုင်းစစ်တပ်နှင့်မြန်မာစစ်တပ်တို့ ပူးတွဲကာ  မြန်မာ-ထိုင်းနယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ဒေသအကြား ဝင်းဟဲန်မြို့နယ်အတွင်း နယ်စပ်တလျှောက်တွင် ကင်းလှည့်ခဲ့ကြကြောင်း သိရသည်။

ထိုင်းစစ်တပ်ဘက်မှ မြန်မာစစ်တပ်နဲ့ပူးတွဲ ကင်းလှည့်လေ့ရှိသည့် ဝင်းဟဲန်မြို့နယ် နှင့် ချင်းဒေါင်းမြို့နယ်အနီး နယ်စပ်တစ်လျှောက်တွင် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တပ်စခန်းများ  ရှိသည်။

ထိုင်းစစ်တပ်က ပြီးခဲ့သည့် TBC အစည်းအဝေးများအတွင်း နယ်စပ်တစ်လျှောက်ရှိ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏   ကောင်းဟေးဝင်းစခန်း၊ ကွီချန့်ကပ်စခန်း၊ ဒွိုင်းဖိုင်းစခန်း၊ ဒွိုင်းထွေ့စခန်း နှင့် ဒွိုင်းဟိုကိုင်စခန်း စသည့် တပ်စခန်း(၅)ခုဖယ်ရှားပေးရန် မြန်မာစစ်တပ်အနေဖြင့် ညှိနှိုင်းပေးနိုင်ရေး တောင်းဆိုသည်များလည်း ရှိခဲ့သေးသည်။

#TachileikNewsAgency

Photo: Pha Muang Army