ကျိုင်းတုံမှတဆင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၇)ဦးကို တာချီလိတ်တွင် ဖမ်းမိ

ကျိုင်းတုံမှတဆင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၇)ဦးကို တာချီလိတ်တွင် ဖမ်းမိ
ဖေဖော်ဝါရီ 16, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အထောက်အထားမရှိ တရုတ်နိုင်ငံသား (၇)ဦးကို မယ်ယန်းစုပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၈)နာရီ ဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် ကျိုင်းတုံဘက်မှ တာချီလိတ်မြို့ဘက်သို့ လာသည့် မော်တော်ယာဉ်များအား စစ်ဆေးရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၇)ဦးကို  ကျော်ဝင်း နှင့် အောင်ကျော်ဇင်တို့က တစ်ဦးလျှင် ငွေကျပ် (၁)သိန်းခွဲဖြင့် ကျိုင်းတုံမြို့ကနေ တရားမဝင် သယ်ယူပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ကျိုင်းတုံမြို့ ရွှေညောင်ပင်ကားဂိတ်အနီးမှ အမျိုးသားတစ်ဦးက ချိတ်ဆက်ပေးခြင်း ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများအား တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်သို့ သွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ပြီး အမည်မသိသူ တစ်ဦးမှ လာရောက်ခေါ်ဆောင်မည်ကြောင်း ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများဖြစ်သည့် အသက်(၂၆)နှစ်ရှိ ရှိန်းဇံ၊ အသက်(၂၂)နှစ်ရှိ ကျန်းထောင်း၊ အသက်(၂၅)နှစ်ရှိ ကန်းရှောက်ချင်း၊ အသက်(၃၂)နှစ်ရှိ ဆူပုံ၊  အသက်(၂၅)နှစ်ရှိ လျှန်ချောင်း၊ အသက်(၂၅)နှစ်ရှိ ချဲ့ကျွတ် နှင့် အသက်(၂၁)နှစ်ရှိ ဝမ့်ယီ တို့ အပြင် ပို့ဆောင်ပေးသည့် မြန်မာနိုင်ငံသား အောင်ကျော်ဇင် နှင့် ကျော်ဝင်းတို့ကို အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။



Tachileik News Agency