တာချီလိတ်မြို့တွင် မြေယာအငြင်းပွားမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ရာမှ အလုပ်သမား (၂)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ

တာချီလိတ်မြို့တွင် မြေယာအငြင်းပွားမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ရာမှ အလုပ်သမား (၂)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးလမ်း၊ ရှမ်းရှေ့တန်ဆောင်ကျောင်းအနီး မြေကွက်တွင် မြေယာအငြင်းပွားမှုများကြောင့် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်   (၂)ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ 

ပစ်ခတ်မှုမှာ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သူမှာ မြေကွက်ကို ရောင်းချပေးခဲ့သူဟု ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ လတ်တလော သိရပြီး ယခုလို မဖြစ်ပွားမီအချိန်က လက်ရှိမြေပိုင်ရှင်ဟုဆိုသူများအား အသက်အန္တရာယ်နှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများရှိ၍ ဟောင်လိတ်နယ်မြေရဲစခန်းသို့လည်း သွားရောက် အကြောင်းကြားထားမှုများရှိခဲ့ကြောင်း သိရသည်။

"လမ်းမှာလည်း လိုက်ပစ်တာ ကျည်ခွံတွေအများကြီးပဲ အခု သေသွားတာက ပိုင်ရှင်မဟုတ်ဘူး အလုပ်သမားတွေပဲ၊ သူ့မျက်စိထဲ မြင်တာ လျှောက်ပစ်တဲ့ သဘောပဲ။ မြေကွက်ရောင်းပေးထားတာမှာ ငွေကြေးကိစ္စကြောင့်လို့လည်း အနီးက လူတွေက ပြောကြတယ်။ သက်ဆိုင်ရာကတော့ စုံစမ်းနေတယ်"ဟု အမည်မဖော်လိုသူ ဌာနဆိုင်ရာမှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသူများမှာ အသက်(၃၃)နှစ်အရွယ် သားငယ် နှင့် အသက်(၃၇)နှစ်ရှိ မဲကြီးတို့ဖြစ်ပြီး နိုင်ဝင်း ဆိုသူမှာ ခြေထောက်တွင် ဒဏ်ရာရရှိထားကြောင်း နှင့် ၎င်းတို့သည် အလုပ်သမားများဖြစ်ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး အစဉ်အဆက်တွင်  ငွေကြေးအမြောက်များရယူပြီး မြေကွက်များကို လုပ်ပိုင်ခွင့်ချပေးနေမှုများနှင့် ပတ်သက်ပြီး  မြေကွက်ကိစ္စ အရှုပ်အရှင်းများစွာဖြစ်ပေါ်နေသည့် တာချီလိတ်မြို့တွင် မြေယာအငြင်းပွားမှုများကြောင့် တရားစွဲဆိုမှု အများအပြားရှိခဲ့ပြီး ယခုလို လူသတ်မှုအဖြစ် ၂၀၁၂ခုနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ 

စစ်တပ်က နိုင်ငံ့အာဏာသိမ်းထားသည့် ကာလအတွင်း တာချီလိတ်မြို့တွင် စက်တင်ဘာလအတွင်း  ပစ်ခတ်မှုများအနေဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်အချိန်က  မယ်ခေါင်ရပ်ကွက်အတွင်း မိုးသောက်ကြယ်ဦးစိုင်းစိုင်း၏ နေအိမ်လမ်းထောင့်တွင် ညပိုင်း လှည့်ကင်းပတ်နေသည့် ရဲကား နှင့် စစ်ကားတို့ အချင်းချင်း တိုက်မိပြီး သေနတ်ဖြင့် (၃)ချက်ဖောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ သေနတ်ပစ်မှုမှာ စက်တင်ဘာလ၏ ဒုတိယအကြိမ် ပစ်ခတ်မှု ဖြစ်ကြောင်း သိရသည်။ 

#TachileikNewsAgency