မြန်မာ - ထိုင်းနယ်စပ်ရှိ  UWSA  ၏ တပ်စခန်းများကို ဖယ်ရှားပေးရန် ထိုင်းစစ်တပ်၏ တောင်းဆိုမှုအပေါ်  UWSA က ပြန်လည် တုံ့ပြန်

မြန်မာ - ထိုင်းနယ်စပ်ရှိ  UWSA  ၏ တပ်စခန်းများကို ဖယ်ရှားပေးရန် ထိုင်းစစ်တပ်၏ တောင်းဆိုမှုအပေါ်  UWSA က ပြန်လည် တုံ့ပြန်
ဇွန် 21, 2023 | ရှမ်းရှေ့

 တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ၏ အစည်းအဝေးအတွင်း ထိုင်းစစ်တပ်ဘက်က တောင်းဆိုထားသည့် မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်ရှိ "ဝ"တပ်စခန်းများ ဖယ်ရှားပေးရေးနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်၏ တောင်းဆိုချက်ကို လက်ခံမည်မဟုတ်ကြောင်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ပြန်လည်တုံံ့ပြန်လိုက်သည်။

"တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံအနေနဲ့ ဖိအားပေးစရာ မဟုတ်သလို စစ်ကောင်စီဘက်ကလည်း တောင်းဆိုစရာ မရှိဘူး"ဟု  "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံ ပြောကြားချက်ကို Wa Channel ကနေ ဇွန်လ(၂၁)ရက်နေ့တွင် ဖော်ပြထားခြင်း ဖြစ်သည်။



TBC အစည်းအဝေးအတွင်း ထိုင်းစစ်တပ်၏ ဆွေးနွေးမှု အသုံးအနှုန်းများမှာ "ဝ"တပ်စခန်းများသည် ထိုင်းနယ်နိမိတ် ချင်းရိုင်းခရိုင်အတွင်း နယ်စပ်တစ်လျှောက်တွင် တည်ရှိနေခြင်းဖြစ်သည့်အတွက် "ဝ"တပ်စခန်းများကို နယ်စပ်နှင့်ဝေးရာ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ပြောင်းရွှေ့စခန်းချသွားရန်အတွက် ညှိနှိုင်းပေးရန် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်၏ ဆွေးနွေးချက်များအရ  "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တပ်စခန်း(၅)ခုမှာ မြန်မာ - ထိုင်းနယ်စပ်ဒေသ ချင်းရိုင်းခရိုင်၊ ဝိန်းဟဲန်မြို့နယ်အတွင်းရှိ ကောင်းဟေးဝင်းစခန်း နှင့် ကွီချန့်ကပ်စခန်း အပြင် ဒွိုင်းဖိုင်းစခန်း၊ ချိန်းဒေါင်းမြို့နယ်အတွင်းရှိ ဒွိုင်းထွေ့စခန်း နှင့် ဒွိုင်းဟိုကိုင်စခန်းတို့ဖြစ်သည်ဟု ဆိုသည်။



နယ်စပ်အကြား "ဝ"တပ်ဖွဲ့ စခန်းများကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းမှုများနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဧပြီလ(၃၀)ရက်နေ့က ကျင်းပြုလုပ်ခဲ့သည့်  (၉၅)ကြိမ်မြောက် အစည်းအဝေးတုန်းက အဆိုပါ စခန်း(၅)ခုအပြင် ပိုင်းမြို့နယ်အတွင်းရှိ ဒွိုင်းဟိုမစခန်း အပါအဝင် စခန်း(၆)ခုကို ဖယ်ရှားပေးရန် ဆွေးနွေးခဲ့သည်များရှိခဲ့သော်လည်း ယခု ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့က ကျင်းပခဲ့သည့် (၉၇)ကြိမ်မြောက် အစည်းအဝေးတွင် စခန်း(၅)ခုကို ဖယ်ရှားပေးရန် ဆွေးနွေးကြခြင်းဖြစ်သည်။



မြန်မာ - ထိုင်းနယ်စပ်ရှိ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တပ်စခန်းများနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်က အဆိုပါတပ်စခန်းများမှာ ထိုင်းနိုင်ငံပိုင်နက် ချင်းမိုင်ခရိုင်အတွင်း၌ တည်ရှိနေခြင်းဖြစ်၍ နယ်စပ်နှင့်ဝေးရာသို့ ရွှေ့ပေးရေး မြန်မာစစ်တပ်အနေဖြင့် ညှိနှိုင်းလုပ်ဆောင်ပေးရန်ဟု ဆိုထားသော်လည်း  UWSA ဘက်ကမှု  အဆိုပါတပ်စခန်းများသည် ထိုင်းဘက်ခြမ်းတွင် တည်ရှိနေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာ ရှိနေပြီး မိမိဒေသကို မိမိကာကွယ်ခြင်းဖြစ်ကြောင်း   UWSA ဘက်က ပြန်လည် တုံံ့ပြန်ထားသည်။ 

နယ်စပ်တစ်လျှောက်ရှိ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တပ်စခန်းများ ဖယ်ရှားရေးနှင့်ပတ်သက်၍ ထိုင်းစစ်တပ်က ယခုမှ ဆွေးနွေးခြင်း မဟုတ်ဘဲ (၄)လလျှင် တစ်ကြိမ် ကျင်းပမြဲဖြစ်သည့် တာချီလိတ် - မယ်ဆိုင်မြို့နယ်အဆင့်နယ်ခြားကော်မတီ( Township Border Committee - TBC )အစည်းအဝေးတိုင်းတွင် ထည့်သွင်းဆွေးနွေးလေ့ရှိသည်။

ထိုင်းစစ်တပ်က ယင်းသို့ ဖယ်ရှားခိုင်းမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်က ယခုကိစ္စကို မြို့နယ်အဆင့်တွင် ဆုံးဖြတ်၍ ရမည်မဟုတ်ခြင်းကြောင့် TBC ထက် အဆင့်မြင့်သည့် မြန်မာ - ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီ( Joint Boundary Committee - JBC) အစည်းအဝေးတွင် တင်ပြဆွေးနွေးရန်သာ ပြန်လည် ဖြေကြားကြောင်း သိရသည်။

မြန်မာ - ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီ( Joint Boundary Committee - JBC)ကို ၁၉၅၄ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အဓိက အားဖြင့် နယ်စပ်တစ်လျှောက် နယ်နိမိတ်အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။