ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်တလျှောက် မြန်မာစစ်ကောင်စီတပ်နှင့်ထိုင်းစစ်တပ်တို့ ထိုင်းဘက်တွင် ပူးတွဲ ကင်းလှည့်နေ

Photo: ฉก.ไชยานุภาพ
Photo: ฉก.ไชยานุภาพ
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်တလျှောက် မြန်မာစစ်ကောင်စီတပ်နှင့်ထိုင်းစစ်တပ်တို့ ထိုင်းဘက်တွင် ပူးတွဲ ကင်းလှည့်နေ
ဇွန် 1, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တလျှောက်တွင် မြန်မာစစ်ကောင်စီတပ် နှင့် ထိုင်းစစ်တပ်တို့ ပူးတွဲပြီး ကင်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ဖြစ်သည့် မိုင်းဖြတ်အခြေစိုက် အမှတ်(၃၃၀)ခြေမြန်တပ်ရင်း နှင့် ထိုင်းစစ်တပ်၏ ဖာမိန်းအထူးလှုပ်ရှားစစ်ကြောင်းတို့  မြန်မာ-ထိုင်းနယ်စပ်ဒေသ မိုင်းဆတ်ခရိုင် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ဒေသအကြား ဝင်းဟဲန်မြို့နယ်အတွင်း နယ်စပ်တလျှောက်တွင် ၂၀၂၃ခုနှစ် မေလ၏ နောက်ဆုံးပတ်အတွင်းက လှည့်ကင်း လှည့်လည်ခဲ့ကြကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖာမိန်းအထူးလှုပ်ရှားစစ်ကြောင်းသည် မိုင်းဆတ်ခရိုင်နှင့်တာချီလိတ်ခရိုင်အကြား လမ်းကြောင်းများ နှင့် ကြိုးတံတားအပါအဝင် ဒေသများမှ နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးမှောင်ခိုသယ်သည့် လမ်းကြောင်းများ၊ လက်နက်မှောင်ခိုလမ်းကြောင်းများကို ပိတ်ဆို့ ပစ်ခတ် ဖမ်းဆီးရာတွင် အထူးပါဝင်လှုပ်ရှားသည့် တပ်ဖွဲ့ဖြစ်ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြထားချက်အရ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့်မိုင်းဆတ်ခရိုင်အကြား မြန်မာ - ထိုင်းနယ်စပ်  ဒေသတလျှောက် လုံခြုံရေးနှင့်တရားမဝင်မှုများကို တားဆီးရန်အတွက် ယခုလို ကင်းလှည့်ခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသော်လည်း ပွင့်လင်းမြင်သာမှုမရှိသည့် မြန်မာစစ်တပ်ဘက်က  သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

မှတ်တမ်းပုံများအရ ကင်းလှည့်ရာတွင် မြန်မာ စစ်ကောင်စီတပ်ဘက်က အသက်ကြီးသည့် စစ်သားများကို ရှေ့တန်းပို့ထားသည်ကို တွေ့ရသည်။

မြန်မာ စစ်တပ်နှင့်ထိုင်းစစ်တပ်အကြား ဆက်ဆံရေးမှာ ယခင်ကထက် နိုင်ငံ့အာဏာသိမ်းကာလကများတွင်   ပိုမိုနီးစပ်ကာ အပေးအယူတည့်နေကြသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုထားကြသည်။