မြန်မာအကျပ်အတည်း ဖြေရှင်းရေး အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ နယူးဒေလီတွင် လျှို့ဝှက် တွေ့ဆုံဆွေးနွေး

မြန်မာအကျပ်အတည်း ဖြေရှင်းရေး အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ နယူးဒေလီတွင် လျှို့ဝှက် တွေ့ဆုံဆွေးနွေး
By Mr John

မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်အုပ်စုနှင့် တတ်သိပညာရှင် ကိုယ်စားလှယ်များက အိန္ဒိယနှင့်တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယူးဒေလီမြို့တွင် ၂၀၂၃ခုနှစ် ဧပြီလ (၂၅) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရင်းမြစ် (၂) ခုက ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးမှုမှာ စစ်တပ်က အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သွေးထွက်သံယို အကျပ်အတည်းကို အရှိန်လျှော့ချရန် လျှို့ဝှက်ကြိုးပမ်းအားထုတ်မှုတစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်းလည်း ထိုသတင်းရင်းများက ဆိုသည်။

ဧပြီလ (၂၅) ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာအကျပ်အတည်းကိစ္စ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း လျှို့ဝှက်ကိစ္စဖြစ်သည့်အ တွက် ကိုယ်စားလှယ်များမှာ မည်သူဖြစ်ကြောင်း ထုတ်ဖော်ပြောရန် သတင်းရင်းမြစ်များက ငြင်းဆိုခဲ့သည်။

 ၎င်းတို့၏အမည်ကိုလည်း မဖော်ပြရန် သတင်းရင်းမြစ်များက ပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူများက အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) ကို ယခု ဆွေးနွေးမှုလုပ်ငန်းစဥ်တွင် ပါဝင်လာစေရန် စိတ်ဝင်စားမှုရှိကြကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 

"သူတို့က တစ်ချိန်ချိန်မှာ NUG နဲ့ တရားဝင် ဆွေးနွေးလိုကြတယ်။ ဘာကြောင့်လဲဆိုတော့ NUG နဲ့ မြန်မာစစ်တပ်က တရားဝင် စကားပြောဆိုတာ လုံးဝ မရှိသေးလို့ပါ။ ဒါတွေက တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်တက်ရောက်သူတွေမှာရှိတဲ့ မျှော်လင့်ချက်တွေပါပဲ" ဟု တွေ့ဆုံမှုနှင့် ပတ်သက်၍ အကျဥ်းချုပ်ပြောပြသည့် သတင်းရင်းမြစ်က ဆိုသည်။

သို့သော်လည်း  NUG အပါအဝင် အတိုက်အခံ အင်အားစုများနှင့် စေ့စပ်ဆွေးနွေးမည် မဟုတ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်က ထုတ်ဖော်ပြောထားသည်များ ရှိခဲ့သည်။ 

ယခုတွေ့ဆုံမှုကို အိန္ဒိယနိုင်ငံမှ တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့က စီစဥ်ပြုလုပ်ခြင်းဖြစ်ပြီး အကြမ်းဖက်မှုလျှော့ချရေး၊ ဆွေးနွေးမှုအတွက် အခြေအနေ ဖန်တီးရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ဒုတိယ သတင်းရင်းမြစ်က ပြောခဲ့ပြီး နောက်တစ်ကြိမ် တွေ့ဆုံမှုကို လာအိုနိုင်ငံတွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

အာဏာသိမ်း စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံနှင့် သဘောတူညီထားခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ပျက်ကွက်မှုအပေါ် အာဆီယံအဖွဲ့အတွင်း စိတ်ပျက်မှုများ တိုးလာနေသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ကသောင်းကနင်း အခြေအနေဖြစ်နေခဲ့ပြီး ဘက်ပေါင်းစုံ အကျပ်အတည်း ကြုံနေရသည်။ 

နိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုများလည်း ပေါ်ပေါ်လာခဲ့ပြီး စီးပွားရေးပျက်ယွင်းနေသည်။

မြန်မာအကျပ်အတည်း ဖြေရှင်းရေး သံတမန်ရေးနည်းလမ်းဖြင့် ကြိုးပမ်းမှုများမှာလည်း မအောင်မြင်ဘဲ ရပ်တန့်နေခဲ့ပြီး အာဏာသိမ်း စစ်အုပ်စုက အတိုက်အခံများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းနေခြင်းနှင့် အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေးရန် ငြင်းဆန်နေခြင်းအပေါ် နိုင်ငံတတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများကို လစ်လျူရှုနေခဲ့သည်။ 

မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ် ဧပြီလ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် နှစ်ရက်တာ ခရီးစဥ်လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ်ဟောင်းနှင့် The Elders အဖွဲ့ ဒုဥက္ကဌဖြစ်သူ ဘန်ကီမွန်းကလည်း တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်နှင့် ပြဿနာများဖြေရှင်းရေး စစ်တပ်က ပထမခြေလှမ်း လှမ်းရမည်ဟု ဧပြီလ (၂၅) ရက်နေ့က The Elders အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မှတ်ချက်ပြု ပြောကြားထားသည်။

Source: Reuters