အိန္ဒိယက တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်ဟု UN ခန့်မှန်း

Photo: Reuters
Photo: Reuters
အိန္ဒိယက တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်ဟု UN ခန့်မှန်း
ဇူလိုင် 13, 2022 | နိုင်ငံတကာသတင်း
By Mr John

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂက ဇူလိုင်လ (၁၁) ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွေ ပြောထားသည်။ 

လက်ရှိတွင် အိန္ဒိယနှင့် တရုတ်တို့က လူဦးရေ (၁.၄) ဘီလီယံစီရှိနေကြသည်။ 

မွေးဖွားနှုန်းမြင့်မားခြင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှုဖြစ်လာကြောင်းလည်း ကုသမဂ္ဂက သတိပေးထားသည်။

ကမ္ဘာ့လူဦးရေမှာ ယခုနှစ် နိုဝင်ဘာလ (၁၅) ရက်တွင် (၈) ဘီလီယံရှိလာမည်ဟု ခန့်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် (၈.၅) ဘီလီယံနှင့် ၂၁၀၀ ပြည့်နှစ်တွင် (၁၀.၄) ဘီလီယံရှိလာမည်ဟုလည်း ကမ္ဘာ့လူဦးရေနေ့ World Population Day ၌ ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂက အစီရင်ခံစာက ပြောထားသည်။ 

အိန္ဒိယ၏ လူဦးရေမှာ ၂၀၁၁ ခုနှစ်တွင် (၁.၂၁) ဘီလီယံရှိခဲ့ကြောင်း ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်ပြုလုပ်သည့် အိန္ဒိယနိုင်ငံ၏ လူဦးရေစာရင်းအရ သိရှိရသည်။ 

အိန္ဒိယက ၂၀၂၁ ခုနှစ်တွင် လူဦးရေစာရင်းကောက်ရန် အစီအစဥ်ကို COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ကမ္ဘာ့လူဦးရေမှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း တိုးပွားနှုန်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် (၁) ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ 

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှ မွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် သက်တမ်းတစ်လျှောက် (၂.၃) ကြိမ် ကလေးမွေးဖွားပြီး ၁၉၅၀ ပြည့်နှစ်က (၅) ကြိမ် မွေးဖွားခဲ့မှုထက် ကျဆင်းသွားခဲ့သည်။ 

ကမ္ဘာတဝန်း မွေးဖွားနှုန်းမှာ ၂၀၅၀ ပြည်နှစ်တွင် အမျိုးသမီးတစ်ဦးလျှင် သက်တမ်းတစ်လျှောက် (၂.၃) ကြိမ် ကလေးမွေးဖွားသည့်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

"ဒါက ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေ အတူယှဥ်တွဲနေမှု၊ လူသားဖြစ်မှုကို အသိအမှတ်ပြုမှုနဲ့ လူ့သက်တမ်းရှည်စေပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးသေဆုံးမှုနှုန်းတွေကို သိသိသာသာ လျော့ကျစေခဲ့တဲ့ ကျန်းမာရေးတိုးတက်မှုတွေကို ဂုဏ်ပြုရမယ့် အချိန်အခါ ဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

COVID-19 နဲ့ ဆက်နွယ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လူဦးရေ (၁၄.၉) သန်း သေဆုံးနိုင်ကြောင်း ခန့်မှန်းထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ အစောပိုင်း အစီရင်ခံစာကို ရည်ညွှန်းလျက် ကမ္ဘာတဝန်း လူ့သက်တမ်းမှာ ၂၀၁၉ ခုနှစ်တွင် (၇၂.၈) နှစ်မှ ၂၀၂၁ ခုနှစ်တွင် (၇၁) နှစ်သို့ လျော့ကျသွားခဲ့ကြောင်းနှင့် အများစုမှာ ကပ်ရောဂါကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြသည်။

ကုလသမဂ္ဂက ခန့်မန်းထားသည့် ၂၀၅၀ ပြည့်နှစ်အထိ မြင့်တက်လာနိုင်မည့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မှာ ကွန်ဂို၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် တန်ဇန်းနီးယားတို့တွင် ဖြစ်လိမ့်မည်ဟု ဆိုသည်။ 

၂၀၅၀ ပြည့်နှစ်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသော ကမ္ဘာ့လူဦးရေ၏ထက်ကျော်မှာ အာဖရိက ဆာဟာရအောက်ပိုင်း နိုင်ငံများမှဖြစ်မည်ဟု သိရသည်။ 

သို့သော် ၂၀၂၂ ခုနှစ်နှင့် ၂၀၅၀ ခုနှစ်အတွင်း မွေးဖွားနှုန်းကျဆင်းမှုကြောင့် ကမ္ဘာ့နိုင်ငံ (၆၁) ခုတွင် လူဦးရေ (၁) ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပို၍ လျော့နည်းမည်ဟုလည်း ခန်းမှန်းထားသည်။

Source: Reuters