မြန်မာ့အရေးဖြေရှင်းရန် စစ်တပ်က ပထမခြေလှမ်း လှမ်းရမည်ဟု ဘန်ကီမွန်း မှတ်ချက်ပြု

မြန်မာ့အရေးဖြေရှင်းရန် စစ်တပ်က ပထမခြေလှမ်း လှမ်းရမည်ဟု ဘန်ကီမွန်း မှတ်ချက်ပြု

 မြန်မာနိုင်ငံကို နှစ်ရက်တာလာရောက်ပြီး စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် The Elder ဒုဥက္ကဌ ဘန်ကီမွန်းက ပြဿနာများဖြေရှင်းရေး စစ်တပ်က ပထမခြေလှမ်း လှမ်းရမည်ဟု ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့  ၂၀၂၃ ခုနှစ် ဧပြီလ (၂၃)ရက်နှင့် (၂၄)ရက်နေ့များတွင် လာရောက်ခဲ့သည့် ကုလသမဂ္ဂ အကြီးအကဲများနှင့် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက ခရီးစဉ်အပြီး ဧပြီလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘန်ကီမွန်း၏ခရီးစဉ်မှာ မြန်မာနိုင်ငံတွင်  အကြမ်းဖက်မှု အဆုံးသတ်ရေးနည်းလမ်းရှာဖွေရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းသော ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင်နိုင်ရေး နည်းလမ်းရှာရန်ဖြစ်သည်ဟု The Elder အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မစ္စတာ ဘန်ကီမွန်း၏ နှစ်ရက်တာခရီးအတွင်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များအပြင် သမ္မတဟောင်း ဦးသိန်းစိန်ကိုပါ တွေ့ဆုံခဲ့သည်ဟု သိရသည်။

“အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို လာခဲ့ခြင်းဖြစ်ပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်မှာ အာဏာသိမ်းစစ်တပ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံရာ၌ ဘန်ကီမွန်းက အာဆီယံ၏ သဘောတူညီချက် (၅)ရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အကောင်အထည်ဖော်ရေး စစ်တပ်ကို တိုက်တွန်းခဲ့သည်ဟု သိရသည်။

 ယင်းအပြင် မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို  ချက်ချင်းပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်တို့ကို တိုက်တွန်းခဲ့သည်ဟု သိရသည်။

ယင်းအပြင် မကြာမီက အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သား  အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး ပဇီကြီးကျေးရွာဖြစ်စဉ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မစ္စတာဘန်ကီမွန်းက ထပ်လောင်းပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ရွေးကောက်ပွဲကိုလည်း လွတ်လပ်၍ တရားမျှတမှုရှိသည့် အခြေအနေတွင်သာ ကျင်းပရမည်ဖြစ်ပြီး  လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲ ကျင်းပခြင်းသည် အကြမ်းဖက်မှုနှင့် ကွဲလွဲမှုများကိုသာ ဖြစ်စေမည့်အပြင် ရွေးကောက်ပွဲရလဒ်ကို မြန်မာပြည်သူများအပြင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုကြမည်မဟုတ်ကြောင်း ထပ်လောင်းသတိပေးခဲ့သည်ဟု သိရသည်။



“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့  နိုင်ငံတကာက စိုးရိမ်မှုကြီးကြီးမားမားဖြစ်စေတဲ့ မြန်မာ့အရေးမှာ စည်းလုံးညီညွတ်စွာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ကတိကဝတ်တွေအတိုင်း လုပ်ဆောင်ဖြေရှင်းကြဖို့   သန္နိဋ္ဌာန်ချဖို့ လိုပါတယ်။ စိတ်ရှည်သည်းခံစိတ်ဖြင့် လက်ရှိအကျပ်အတည်းမှ ရှေ့သို့လမ်းစရှာနိုင်မည်ဟု ယုံကြည်ပါသည်။ စစ်တပ်က ပထမခြေလှမ်းကို လှမ်းရမယ်” ​​ဟု ဘန်ကီမွန်းက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း The Elders အဖွဲ့၏ ညှိနှိုင်းလုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေး အပြည့်အ၀ ထောက်ခံအားပေးမှုများဖြစ်ခဲ့သည့်အပြင်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံ၏ တိုးတက်မှုကို ထောက်ပံပေးသူလည်းဖြစ်သည်။

The Elders အဖွဲ့သည် ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးလုပ်ဆောင်ရာတွင် ဩဇာရှိသူ အတွေ့အကြုံရှိသူ ခေါင်းဆောင်ဟောင်းများဖြင့် ၂၀၀၇ ခုနှစ်တွင် နယ်လ်ဆင်မင်ဒဲလားက စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

The Elders ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် လာရောက်ခဲ့ကြချိန်ကလည်း သမ္မတဟောင်း ဦးသိန်းစိန်အပြင် လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ယခုလို တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည့် အခြေအနေများကို မြန်မာပြည်သူများ သိရှိနိုင်ရန် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိဘဲ ထိန်ချန်ထားသော်လည်း  The Elder က ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

#TachileikNewsAgency