ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးကနေ နုတ်ထွက်ရတော့မည် 

 ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရတော့မည့်  ဘောရစ်ဂျွန်ဆင် [ Photo: REUTERS/Peter Nicholls ]
ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရတော့မည့် ဘောရစ်ဂျွန်ဆင် [ Photo: REUTERS/Peter Nicholls ]
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးကနေ နုတ်ထွက်ရတော့မည် 
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်အများစု၏ ထောက်ခံမှု သိသာစွာ ဆုံးရှုံးခဲ့ရပြီးနောက် ဘောရစ်ဂျွန်ဆင်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်တော့မည်ဟု ဇူလိုင်လ (၇) ရက်နေ့တွင် ကြေညာလိုက်ပြီး နောက်ဆုံးသတင်းများအရ ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ပြီးချိန်အထိ ဂျွန်ဆင်ကို ယာယီဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေရန် ဗြိတိန်အစိုးရအဖွဲ့သစ်က သဘောတူလိုက်ကြောင်း သိရသည်။

အစိုးရအဖွဲ့မှ ထိပ်တန်းဝန်ကြီး (၂) ဦး အပါအဝင် ဝန်ကြီးအဆင့် (၅၀) ဦးကျော် နုတ်ထွက်သွားပြီး လွှတ်တော်အမတ်များက ၎င်းကို ရာထူးမှ နုတ်ထွက်ရမည် ပြောခဲ့ကြရာ ဝန်ကြီးချုပ်ဂျွန်ဆင်မှာ ၎င်းအားထောက်ခံသူ လက်တစ်ဆုပ်စာကလွဲပြီး အထီးကျန်နှင့် အာဏာမဲ့သည့် အခြေအနေဖြစ်သွားခဲ့သည်။

 ၎င်း၏ပါတီက အခြားတစ်ဦးဦးကို ဦးဆောင်စေလိုသည်မှာ ရှင်းလင်းကြောင်း၊ သို့သော် ၎င်းကို အတင်းအကျပ် နုတ်ထွက်စေခြင်းမှာ ထူးခြားသည့် အပြုအမူဖြစ်နေသည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က ဆိုသည်။

"ဒီနေ့ တာဝန်ထမ်းဆောင်ဖို့ အစိုးရအဖွဲ့တစ်ဖွဲ့ ကျွန်တော် ခန့်အပ်ခဲ့ပါတယ်။ ခေါင်းဆောင်အသစ် ရွေးချယ်ခန့်အပ်ပြီးချိန်အထိ ကျွန်တော် ဆက်ရှိနေပါမယ်။ စိတ်သက်သာရာရသူတွေ အများကြီးရှိမယ်။ အနည်းငယ်မျှဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ စိတ်ပျက်သူတွေလည်းရှိမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော် ကမ္ဘာမှာ အကောင်းဆုံးအလုပ်ကို စွန့်လွှတ်ရတော့မယ့်အပေါ် ကျွန်တော် ဘယ်လောက် ဝမ်းနည်းမိလဲဆိုတာ သိစေချင်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ဒီလိုဖြစ်လာတယ်" ဟု ဂျွန်ဆင်က ပြောခဲ့ပြီး ရာထူးမှ နုတ်ထွက်ရသည့် ဖြစ်ရပ်များအတွက် တောင်းပန်ခဲ့ခြင်းမရှိဟု သိရသည်။

ဝန်ကြီးချုပ်ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ပါတီအနေဖြင့် ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး ထိုပါတီခေါင်းဆောင်သစ်က ဗြိတိန်ဝန်ကြီးချုပ်သစ် ဖြစ်လာမည်ဖြစ်သည်။ 

အသက် (၅၈) နှစ်အရွယ် ဂျာနယ်လစ်ဟောင်းနှင့် လန်ဒန်မြို့တော်ဝန်ဟောင်း ဂျွန်ဆင်မှာ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေး လှုပ်ရှားဆောင်ရွက်မှုတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဝန်ကြီးချုပ်ဂျွန်ဆင်၏ ဦးဆောင်မှုမှာ ပြီးခဲ့သည့် လအနည်းငယ်အတွင်း အရှုပ်တော်ပုံများနှင့် လွဲမှားမှုများကြား နစ်နေခဲ့သည်။

 ဂျွန်ဆင်မှာ COVID-19 ကပ်ရောဂါကာလ lockdown စည်းမျဥ်းချိုးဖောက်ပြီး ပါတီပွဲကျင်းပမှုဖြင့် ဒဏ်ရိုက်ခံခဲ့ပြီး ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင် အစိုးရအရာရှိများက ၎င်းတို့ကိုယ်တိုင် ချမှတ်ထားသည့် ကပ်ရောဂါစည်းမျဥ်းများကို ချိုးဖောက်ခဲ့သည့် အပြုအမူအပေါ် ရှုတ်ချထားသော အစီရင်ခံစာလည်း ထွက်ပေါ်ခဲ့သည်။

Source: BBC, Reuters