ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရပြီးနောက် ထိုင်းအစိုးရ လုံခြုံရေး တိုးမြှင့်

ထိုင်းဝန်ကြီးချုပ် နှင့် အဖွဲ့ [ Photo: Reuters]
ထိုင်းဝန်ကြီးချုပ် နှင့် အဖွဲ့ [ Photo: Reuters]
ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရပြီးနောက် ထိုင်းအစိုးရ လုံခြုံရေး တိုးမြှင့်
ဇူလိုင် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

ဇူလိုင်လ (၈) ရက်နေ့တွင် ဂျပန်နိုင်ငံ နာရာမြို့၌ မကျေမနပ်ဖြစ်နေသည့် အမျိုးသားတစ်ဦးက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများက ၎င်းတို့၏ လုံခြုံရေးကို တင်းကျပ်ထားသည်ဟု ဆိုသည်။ 

အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောနေစဥ် ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သူ အဘေး လုပ်ကြံသတ်ဖြတ်ခံရမှုက ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အံ့ဩတုန်လှုပ်ခဲ့ကြရသည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဘတ်ငွေ (၁၉.၅) သန်းတန် Benz S600 Guard အမျိုးအစား ကျည်ကာကားကို အသုံးပြုနေသည်ဟု ဆိုသည်။ 

ထိုင်းလုံခြုံရေးဌာန သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဂျပန်ဝန်ကြီးချုပ်ဟောင်းကဲ့သို့ ဖြစ်ရပ်မျိုးကို တားဆီးကာကွယ်ရန် ယခုအခါ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon တို့ကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များအတွက် အေးဂျင့်များက လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်နေကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

နိုင်ငံတော်လုံခြုံရေးကိုလည်း နိုဝင်ဘာလအတွင်း လက်ခံကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေး Asia-Pacific Economic Cooperation (Apec) ကို ရည်ရွယ်ပြီး တင်းကျပ်သွားမည်ဟု မျှော်လင့်ရသည်။ 

ဇူလိုင်လ (၁၀) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ဝန်ကြီးချုပ် (ဗိုလ်ချုပ်ကြီး)ပရာယွတ်တို့ တွေ့ဆုံရာတွင်လည်း လုံခြုံးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ အေးဂျင့်များက လုံခြုံရေးအစီအမံများ ပြန်လည်သုံးသပ်နေစဥ် လာမည့်လအတွင်း ဝန်ကြီးချုပ်ပရာယွတ်၏ ပြည်နယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးမည့် အစီအစဥ်များကိုလည်း ရပ်ဆိုင်းထားမည်ဟု လုံခြုံရေးဌာန သတင်းရင်းမြစ်က ပြောသည်။ 

ထိုအတောအတွင်း ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးကို သေချာစေရန် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တင်းကျပ်သွားမည်ဟု ဆိုသည်။ 

ယခုဆောင်ရွက်မှုက နိုင်ငံခြားတိုင်းပြည်များမှ VIP ဧည့်သည်များကို ယုံကြည်မှုမြှင့်တင်နိုင်ကြောင်းနှင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် လက်တွေ့ လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

"မသေချာမှုကို ကိုင်တွယ်ရာမှာ ကြိုတင်ပြင်ဆင်မှုရှိစေဖို့ ပြီးခဲ့တဲ့ သင်ခန်းစာတွေကနေ ကျွန်တော်တို့ လေ့လာသင်ယူရမယ်" ဟု Damrongsak Kittiprapas က ပြောခဲ့သည်။ 

နိုင်ငံခြားသား ခရီးသွားများကြားတွင် သံသယဖြစ်စရာ လှုပ်ရှားမှုကို ရဲတပ်ဖွဲ့က ထောက်လှမ်းသိရှိထားခြင်းရှိ မရှိ မေးမြန်းခဲ့ရာ ထိုသို့ မရှိကြောင်း ၎င်းက ဖြေကြားခဲ့သည်။ 

ယခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိသည့် အေပက်ထိပ်သီးအစည်းအဝေး အဆင်ပြေချောမွေ့စေရန်မှာ ဦးစားပေးဖြစ်ကြောင်းနှင့် ဖိတ်ကြားထာသူများ အနီးတဝိုက်တွင် လုံခြုံရေးတင်းကျပ်ထားမည်ဟု ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲက ပြောသည်။



Source: Bangkok Post