ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီ ဘိရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီ ဘိရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်
By Mr John

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ်  ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း အမျိုးသမီး ဂျူလီ ဘိရှော့ပ် (Julie Bishop) ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ၂၀၂၄ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ပြောသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ဖြစ်လာသူ  ဂျူလီ ဘိရှော့ပ်က ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

သူမက ၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရာထူးကနေ နုတ်ထွက်သွားခဲ့သည့် စင်ကာပူနိုင်ငံသူ သံတမန် နိုလင်းဟေဇာ၏ နေရာကို အစားထိုး တာဝန်ယူသွားမည် ဖြစ်သည်။ 

အသက် (၆၇) နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျူလီ ဘိရှော့ပ်က ဩစတြေးလျနိုင်ငံရေးတွင် အဓိက ပါတီကြီး (၂) ခုအနက်မှ တစ်ခုဖြစ်သော လစ်ဘရယ်ပါတီ (Liber‌al Party) ၏ ဒုတိယခေါင်းဆောင်အဖြစ်လည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။

ဂျူလီ ဘိရှော့ပ်က ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ Curtin မဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစ၍ ဩစတြေးလျ အမျိုးသားတက္ကသိုလ် Australian National University ၏ အဓိပတိအဖြစ် ခန့်အပ်ခံရသည်။

 နိုင်ငံခြားရေးဝန်ကြီး မဖြစ်မီ ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာ ဝန်ကြီးဌာနတို့၏ ဝန်ကြီးအဖြစ်လည်း  တာဝန်ယူခဲ့သည်။

"၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့တဲ့ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကူညီဖို့ ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတာကို အထူး ဂုဏ်ယူမိပါတယ်" ဟု ဂျူလီ ဘိရှော့ပ်က သူမ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီ ဘိရှော့ပ်တွင် ကျယ်ပြန့်သော မူဝါဒရေးရာ၊ ဥပဒေရေးရာနှင့် အဆင့်မြင့် စီမံခန့်ခွဲမှု အတွေ့အကြုံရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။ 



 

Source: AP, The Guardian