NLD ပါတီ အပါအဝင် ပါတီပေါင်း (၄၀) ကို ဖျက်သိမ်းရန် စစ်အာဏာရှင်က ဆုံးခြင်းသည် ပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံ ခြိမ်းခြောက်ခြင်းဖြစ်ဟု ဗြိတိန် ထုတ်ပြန်

၂၀၂၀ခုနှစ်က ပုံဖြစ်သည်။ [ Photo: AFP ]
၂၀၂၀ခုနှစ်က ပုံဖြစ်သည်။ [ Photo: AFP ]
NLD ပါတီ အပါအဝင် ပါတီပေါင်း (၄၀) ကို ဖျက်သိမ်းရန် စစ်အာဏာရှင်က ဆုံးခြင်းသည် ပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံ ခြိမ်းခြောက်ခြင်းဖြစ်ဟု ဗြိတိန် ထုတ်ပြန်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ( ၄၀ )ကို ဖျက်သိမ်းရန် စစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဗြိတိန်  သံရုံးက ၂၀၂၃ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီး အားလုံး ပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အနေဖြင့် ၎င်းတို့ဖန်တီးထားသော ကျပ်တည်းသည့် အခြေအနေကို ဖြေရှင်း၍ မရနိုင်ဟုလည်း ဆိုထားသည်။

စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ်ရန်အတွက်  ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ပြစ်တင်ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုး ဖန်တီးပေးရန် UK အစိုးရက စစ်အာဏာရှင်အား ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်း၍ အားလုံး ပါဝင်နိုင်သည့် အနာဂတ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ ရည်မှန်း ချက်များနှင့်အတူရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။

NLD ပါတီ ဖျက်သိမ်းခံရမှုအပေါ်  စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့ကလည်း ယနေ့မတ်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုက ၎င်း၏ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများကို မတ်လ (၂၈) ရက်နေ့က ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၄၀) ဖျက်သိမ်းခံရသည်။ 

အာဏာသိမ်း စစ်အုပ်စုက အာဏာ ဆက်လက်ချုပ်ကိုင်ရန် စီစဥ်လုပ်ဆောင်မှုအဖြစ် ရွေးကောက်ပွဲကျင်းပရန် စီစဥ်နေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီစနစ် အဆုံးသတ်သွားခဲ့ပြီး ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ အကျပ်အတည်း ဖြစ်ပေါ်နေသည်။ 

အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ တစ်နိုင်ငံလုံးအနှံ့ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂ၏ စာရင်းများအရ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိလာကြောင်း သိရသည်။

အာဏာသိမ်း စစ်အုပ်စုက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်၍ ထောင်ဒဏ် (၃၃) နှစ် ချမှတ်ထားပြီး ၎င်း၏ ဒါဇင်နှင့်ချီသည့် NLD မဟာမိတ်များမှာလည်း ဖမ်းဆီးခံရ သို့မဟုတ် ထွက်ပြေးနေရသည်။

ယင်းအပြင် ပါတီဝင်များကိုလည်း ဆက်တိုက် ဖမ်းဆီးလျက်ရှိရာ ယနေ့ထိ ဖမ်းဆီးခံရသူ ( ၁၂၃၅ )ဦးရှိပြီး၊ ပါတီဝင် (၂၆) ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရသလို ကြောင်းမဲ့သတ်ဖြတ်ခံရသူ (၆၃)ဦးရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခံရကာ လွှတ်တော်ကိုယ်စားလှယ် (၂၀၆)ဦး အပါအဝင် ပါတီဝင် (၃၇၁) ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် (၄၇)ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရကြောင်း သိရသည်။

 NLD က စစ်အုပ်စု စီစဥ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုကြောင်းနှင့် ထိုရွေးကောက်ပွဲမှာ တရားမဝင်ကြောင်း ပြောထားသည်။