တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းသည့်လုပ်ရပ်ကို SNLD က ပြင်းပြင်းထန်ထန် ကန့်ကွက်

တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းသည့်လုပ်ရပ်ကို SNLD က ပြင်းပြင်းထန်ထန် ကန့်ကွက်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး
By Tachileik News Agency

တပ်ကအာဏာသိမ်းသည့် လုပ်ရပ်အား ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထု၏ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ်ရပ်တည်မည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အခုသွားနေတဲ့ လုပ်နေတဲ့ပုံစံတွေက အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ နောက်ပြီးတော့ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ စံနှုန်းစံတန်ဖိုးတွေအရလည်း ကိုက်ညီမှုမရှိဘူး။ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတာတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒါကို ကန့်ကွက်ခြင်းပဲ ဖြစ်ပါတယ်။

ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

SNLD ပါတီက ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ပါတီဥက္ကဌ၊ ဒုဥက္ကဌနေရာများအား ရွေးချယ်လိုက်ပြီးနောက် လက်ရှိ တပ်ကအာဏာသိမ်းထားသည့်လုပ်ရပ်နှင့် ပတ်သက်၍ အချက် (၃) ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

SNLD မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်

အဆိုပါထုတ်ပြန်ချက်၏ နံပါတ် (၃) အချက်အဖြစ် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြု လက်ခံရန် အခိုင်အမာတိုက်တွန်းတောင်းဆိုသည်ဟု ဖေါ်ပြထားသည်။

အဓိက နံပါတ် (၃) အချက်ကတော့ တစ်ချို့နေရာတွေမှာ ကွဲလွဲတာ ရှိကောင်းရှိမယ်။ မတရား ပြုကျင့်မှုတွေ ရှိကောင်းရှိမယ်။ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာ အနိုင်ရရှိတာတွေလည်း ရှိမယ်။ အကယ်၍ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာ အနိုင်ရရှိတဲ့ နေရာတွေဆိုရင်တော့ အသိအမှတ်ပြု လက်ခံရမယ်ဆိုတာကို ရေးခြင်းပဲဖြစ်ပါတယ်။

ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း၊ တိုင်းရင်းသားများကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများကို ဆန့်ကျင်ထိခိုက်နေ၍ နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။

Tachileik News Agency