NLD ပါတီ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် ဩစတြေးလျ ထုတ်ဖော် ပြောကြား

NLD ပါတီ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် ဩစတြေးလျ ထုတ်ဖော် ပြောကြား
By Mr John

မြန်မာနိုင်ငံ၏ ယခင် အာဏာရ ပါတီ NLD (National League for Democracy) ဖျက်သိမ်းခံရမှုအပေါ်  စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် ဩစတြေးလျ နိုင်ငံတို့က ထုတ်ဖော်ပြောကြားပြီး အာဏာသိမ်း စစ်အုပ်စုအနေဖြင့် နိုင်ငံကို ဒီမိုကရေစီစနစ်သို့ ပြန်သွားရန် သက်ဆိုင်သူများ အားလုံးပါဝင်သည့် လုပ်ငန်းစဥ်ကို ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။

"NLD ကို နိုင်ငံရေးလုပ်ငန်းစဥ်ကနေ ဖယ်ထုတ်မှုက အခြေအနေ တိုးတက်ရန် ပို၍ပင် ခက်ခဲလိမ့်မည်ကို ကျွန်ုပ်တို့ အလွန်စိုးရိမ်ပါတယ်" ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

"ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD တာဝန်ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်သော နည်းလမ်းဖြင့် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးလမ်းကြောင်းသို့ ဦးတည်ရန် ဂျပန်နိုင်ငံက အလေးအနက် တိုက်တွန်းပါတယ်" ဟုလည်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနကလည်း တင်းကျပ်သည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရန် လိုအပ်ချက်များကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးနယ်ပယ် ပိုမိုကျဥ်းမြောင်းလာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

သက်ဆိုင်သူအားလုံး နိုင်ငံရေးလုပ်ငန်းစဥ်တွင် ပါဝင်ခွင့်ပြုသင့်ပြီး ၎င်းတို့ကို ဖယ်ထုတ်မှုက အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားမှုဆီသို့ ဦးတည်သွားနိုင်ကြောင်း ဩစတြေးလျက ပြောခဲ့သည်။ 

"မြန်မာစစ်အုပ်စုရဲ့ လုပ်ဆောင်မှုတွေကို ကျွန်ုပ်တို့ အနီးကပ် ဆက်လက်စောင့်ကြည့်သွားပါမယ်။ အများလက်ခံသည့် ယုံကြည်ထိုက်သော ရွေးကောက်ပွဲများအပါအဝင် ဒီမိုကရေစီစနစ် ပြန်လည်ဖြစ်ထွန်းရေးအတွက် တောင်းဆိုပါတယ်" ဟု ဩစတြေးလျက ထုတ်ပြန်ချက်တွင် ပြောထားသည်။

စစ်အုပ်စုက ၎င်း၏လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများကို မတ်လ (၂၈) ရက်နေ့က ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၄၀) ဖျက်သိမ်းခံရသည်။ 

အာဏာသိမ်း စစ်အုပ်စုက အာဏာ ဆက်လက်ချုပ်ကိုင်ရန် စီစဥ်လုပ်ဆောင်မှုအဖြစ် ရွေးကောက်ပွဲကျင်းပရန် စီစဥ်နေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီစနစ် အဆုံးသတ်သွားခဲ့ပြီး ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ အကျပ်အတည်း ဖြစ်ပေါ်နေသည်။ 

အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ တစ်နိုင်ငံလုံးအနှံ့ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂ၏ စာရင်းများအရ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိလာကြောင်း သိရသည်။

အာဏာသိမ်း စစ်အုပ်စုက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်၍ ထောင်ဒဏ် (၃၃) နှစ် ချမှတ်ထားပြီး ၎င်း၏ ဒါဇင်နှင့်ချီသည့် NLD မဟာမိတ်များမှာလည်း ဖမ်းဆီးခံရ သို့မဟုတ် ထွက်ပြေးနေရသည်။

ယင်းအပြင် ပါတီဝင်များကိုလည်း ဆက်တိုက် ဖမ်းဆီးလျက်ရှိရာ ယနေ့ထိ ဖမ်းဆီးခံရသူ ( ၁၂၃၅ )ဦးရှိပြီး၊ ပါတီဝင် (၂၆) ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရသလို ကြောင်းမဲ့သတ်ဖြတ်ခံရသူ (၆၃)ဦးရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခံရကာ လွှတ်တော်ကိုယ်စားလှယ် (၂၀၆)ဦး အပါအဝင် ပါတီဝင် (၃၇၁) ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် (၄၇)ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရကြောင်း သိရသည်။

 NLD က စစ်အုပ်စု စီစဥ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုကြောင်းနှင့် ထိုရွေးကောက်ပွဲမှာ တရားမဝင်ကြောင်း ပြောထားသည်။

Source: Reuters