မူဆယ်မြို့နယ် စယ်လန့်မှ သျှမ်းရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီးမှုအား အရေးယူပေးရန် အရပ်ဖက်အဖွဲ့ ၄၀ က လက်မှတ်ရေးထိုးတောင်းဆို

မူဆယ်မြို့နယ် စယ်လန့်မှ သျှမ်းရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီးမှုအား အရေးယူပေးရန် အရပ်ဖက်အဖွဲ့ ၄၀ က လက်မှတ်ရေးထိုးတောင်းဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ စယ်လန့်ရှိ သျှမ်းလူမျိုးတို့၏ ရှေးဟောင်းမြို့ရိုးကို TNLA က မြေတူးစက်ဖြင့် တူးထုတ်ဖျက်ဆီးမှုကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းနှင့် ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၄၀) က ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

သျှမ်းဧကရာဇ် စဝ်ဆေခန်ဖလက်ထက်က ရှေးဟောင်းမြို့ရိုးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့ဝင်များက ဩဂုတ်လ (၇)ရက်နေ့ ညနေပိုင်းတွင် ဘူဒိုဇာဖြင့်ထိုး၍ ဖျက်ဆီးလိုက်သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ (၁၆)ရက်နေ့တွင် အရပ်ဖက်အဖွဲ့ပေါင်း (၄၀) က ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် (၃)ဘာသာဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်လိုက်ပြီး အဆိုပါကိစ္စအား ဖြေရှင်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါ ရှေးဟောင်းမြို့ရိုးဖျက်ဆီးခံရမှုကို စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းနှင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ဩဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး တာဝန်ရှိသည့်အဖွဲ့အစည်းက ရှင်းလင်းပေးရန်ကိုလည်း တောင်းဆိုထားသည်။