တမူးတွင် ကားမိုင်းဆွဲခံရပြီး အာဏာသိမ်းအဖွဲ့လက်အောက်မှ မူးယစ်တပ်ဖွဲ့စုမှူးအပါအဝင် ရဲ ၅ ဦးသေဆုံး

တမူးတွင် ကားမိုင်းဆွဲခံရပြီး အာဏာသိမ်းအဖွဲ့လက်အောက်မှ မူးယစ်တပ်ဖွဲ့စုမှူးအပါအဝင် ရဲ ၅ ဦးသေဆုံး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့က ကားမိုင်းဆွဲခံရပြီး အာဏာသိမ်းအဖွဲ့လက်အောက်မှ မူးယစ်တပ်ဖွဲ့စုမှူးတစ်ဦးအပါအဝင် စုစုပေါင်း ရဲ ၅ ဦးသေဆုံးသွားပြီး အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ခရီးသွားလာသည့်အစီအမံကို တပ်ဖွဲ့ထံ တင်ပြထားခြင်းမရှိဟု မူးယစ်တပ်ဖွဲ့က သတင်းတင်ထားသည့် ကြေးနန်းစာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်ကို တွေ့ရသည်။

မူးယစ်တပ်ဖွဲ့စု (၅) ကလေးမှ တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ်ကျော်ဇင်ထိုက်တို့သည် တမူးခရိုင်တရားရုံးတွင် စွဲဆိုထားသည့် မူးယစ်မှုအား သက်သေခံရန် ဇန်နဝါရီလ (၁၇) ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးသက်သေခံပြီးနောက် တမူးမှ ကလေးသို့ပြန်မည့် အဆိုပါ မူးယစ်တပ်ဖွဲ့စုမှူး၏အဖွဲ့နှင့်အတူ ပုသိမ်သို့ ပြောင်းရွှေ့ရမည့် ဒုရဲမှူး ဝင်းနိုင်နှင့် မူးယစ်တပ်ဖွဲ့စု (၄၀) ရန်ကုန်မြောက်ပိုင်းကို ပြောင်းရွှေ့မည့် ရဲအုပ် မိုးထက်နိုင်တို့က လမ်းကြုံလိုက်ပါလာခဲ့ကြရာ ကားမိုင်းဆွဲခံရချိန်တွင် အဆိုပါ ရဲ (၅)ဦးလုံး နေရာတွင် သေဆုံးသွားကြကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏လုပ်ငန်းအစီအမံများကို မူးယစ်တပ်ဖွဲ့ထံ တင်ပြခြင်းမရှိဟု ၎င်းတို့တပ်ဖွဲ့တွင်း တင်ပြကြသည့် ကြေးနန်းတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တမူး PDF တပ်ရင်း ၃ က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး သေဆုံးသွားသည့် ရဲ (၅)ဦးထံမှ ၃၂ ဗို့ ခြောက်လုံးပြုး သေနတ် ၁ လက် ၊ MA-13 သေနတ် တစ်လက်နှင့် ကျ‌ည် ၅ တောင့်၊ MA-13 သေနတ်တစ်လက်နှင့် ကျည် ၂၀တောင့်ကို သိမ်းဆည်းရမိသည်ဟု သိရသည်။