စစ်ကောင်စီ၏ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီ ကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့်လုံးဝမရှိဟု NLD ပါတီက တုန့်ပြန်

စစ်ကောင်စီ၏ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီ ကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့်လုံးဝမရှိဟု NLD ပါတီက တုန့်ပြန်

 အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းကြောင်း ကြေညာသော်လည်း တရားဝင် ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် ဖျက်သိမ်းခွင့်နှင့် အတည်ပြုခွင့် လုံးဝမရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဗဟိုက ပြန်လည်တုန့်ပြန်လိုက်သည်။ 



၂၀၂၃ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်(UEC)က NLD နှင့် ကျားခေါင်းပါတီဖြစ်သည့် SNLD ပါတီ အပါအဝင် ပါတီ (၄၀)ကို ပြန်လည်မှတ်ပုံတင်ခြင်းမရှိဟုဆိုကာ ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ကြေညာချက်အပေါ်  NLD ပါတီက ယနေ့ မတ်လ (၂၉)ရက်နေ့တွင် ယင်းသို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော NLD ပါတီသည် ပြည်သူလူထု၏ မျှော်မှန်းချက်များ၊ အကျိုးစီးပွားနှင့် ပြည်သူလူထု၏ အဆုံးအဖြတ်ကိုသာ ခံယူနေသော ပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဟု ဆိုသည်။

ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကာ ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားကြောင်း ထုတ်ပြန်လာသည်။

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်နက်နှင့်စစ်အာဏာအားကိုးဖြင့် ပြည်သူ့အာဏာကိုသိမ်းပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီးရေး ရည်ရွယ်၍ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီး၊ ထောင်ချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပါတီဝင်များကိုလည်း ဆက်တိုက် ဖမ်းဆီးလျက်ရှိရာ ယနေ့ထိ ဖမ်းဆီးခံရသူ ( ၁၂၃၅ )ဦးရှိပြီး၊ ပါတီဝင် (၂၆) ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

အကြောင်းမဲ့သတ်ဖြတ်ခံရသူ (၆၃)ဦးရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခံရကာ လွှတ်တော်ကိုယ်စားလှယ် (၂၀၆)ဦး အပါအဝင် ပါတီဝင် (၃၇၁) ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် (၄၇)ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရကြောင်း သိရသည်။

ပါတီဗဟိုရုံးချုပ် အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် (၁၂၀) ကျူးကျော်ဝ င်ရောက်ဖျက်ဆီးခံခဲ့ရသည်ဟုလည်း သိရသည်။