မိုင်းဖြတ်မြို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်

မိုင်းဖြတ်မြို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
မိုင်းဖြတ်မြို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို   ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပေးခြင်းနှင့် ဆိုင်ကယ်မောင်း လိုင်စင်မရှိသူများအား ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ်  တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက (၂) ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
'သက်တမ်းကုန်နေတဲ့ ကားတွေ ဆိုင်ကယ်တွေရဲ့ လိုင်စင်တွေကို သက်တမ်းတိုးပေးသွားမယ်၊ ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးတဲ့ သူတွေကိုလည်း ဆိုင်ကယ်မောင်း လိုင်စင်အသစ်တွေ ပြုလုပ်ပေးသွားမှာပါ၊ ဆိုင်ကယ်အမောင်းလိုင်စင် ရထားသူအနေနဲ့ ကားမောင်းလိုင်စင် ပြောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ရုံးမှာ လာလုပ်ရမှာပါ'ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့တွင် ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ (၂)ရက်တိတိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ 
တစ်နိုင်ငံလုံးတွင်  ကားနှင့်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်းလိုင်စင်သစ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကညနရုံး ဖွင့်လှစ်ထားခြင်းမရှိသေးသည့် မြို့များတွင် သက်ဆိုင်ရာ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးနေရာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တွင် မိုင်းဖြတ်မြို့ အပါအဝင် ရပ်စောက်၊ ပင်းတယ၊ လင်းခေး၊ နမ့်ခမ်း နှင့် နမ္မတူမြို့တို့၌ ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။
၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာ ဌာနများဖြင့် ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
 Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~