ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၈၀) ရာခိုင်နှုန်းက စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် Civil Disobedience ကမ်ပိန်းတွင် ပါဝင်

ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၈၀) ရာခိုင်နှုန်းက စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် Civil Disobedience ကမ်ပိန်းတွင် ပါဝင်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၈၀) ရာခိုင်နှုန်းက စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် နိုင်ငံတစ်ဝန်းပြုလုပ်နေသည့် Civil Disobedience Campaign တွင် ထောက်ခံပါဝင်မည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့၌ သဘောထားထုတ်ပြန်သည်။

“၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အေးချမ်းတည်ငြိမ်ပြီး ပြည်သူများ၏ ဆန္ဒအပြည့်အဝဖြင့် ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရအဖွဲ့ထံမှ အဓမ္မ မတရားအာဏာသိမ်းခြင်း ဖြစ်စဉ်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် တိုင်းရင်းသားပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်ခဲ့သော ပြည်သူ့အစိုးရထံ နိုင်ငံတော်၏ အာဏာကို ပြန်လည်လွှဲအပ်ပေးရန် အလေးအနက် တောင်းဆိုအပ်ပါသည်ဟု ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ)မှ ဆရာ၊ ဆရာမများအဖွဲ့က ထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာ သိမ်းယူထားသဖြင့် အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများက Civil Disobedience Campaign ကို ပြုလုပ်နေကြပြီး အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ဆန္ဒပြသနေကြခြင်းဖြစ်သည်။

Tachileik News Agency