ချင်းပြည်နယ်တွင် တစ်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦးဖမ်းမိပြီး ၂၃ ဦးလက်နက်ချအညံ့ခံ

ချင်းပြည်နယ်တွင် တစ်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦးဖမ်းမိပြီး ၂၃ ဦးလက်နက်ချအညံ့ခံ
ဖေဖော်ဝါရီ 28, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်အတွင်း တစ်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅၉)ဦးကို အရှင်ဖမ်းမိပြီး (၂၃)ဦး အလင်းဝင်လာကြောင်း CDF-Daai က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

CDF-Daai ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့မှ ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်၏ အရာရှိများအပါအဝင် တပ်သား (၅၉)ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၂၈)ရက်နေ့က မွန်တောင်စစ်‌ဆင်‌ရေးတွင် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး(၂)ဦးအပါအဝင် စုစုပေါင်း(၁၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ (၇)ရက်နေ့က လောင်းပွီတောင်စစ်ဆင်ရေးတွင် ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး(၃)ဦး အပါအဝင် (၂၃) ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ပင် ပြုလုပ်ခဲ့သည့် လှိန်းရှိန်တောင် စစ်ဆင်ရေးတွင် CDF-Daai ဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိကာ စစ်ကောင်စီ၏ စကခ(၁၅)၊ ဘူးသီးတောင်အခြေစိုက် လက်အောက်ခံ ခမရ(၂၃၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး(၂) ဦးတို့ကို အသေဖမ်းမိပြီး ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး(၅)ဦးအပါအဝင် (၁၄)ဦးကို အရှင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့ လုံရင်းတောင်စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ လှောင်သွေတောင်စစ်ဆင်ရေးတွင်လည်း  စစ်ကောင်စီတပ်မှ ဗိုလ်မှူး(၂)ဦး၊ ဗိုလ်ကြီး(၃)ဦးအပါအဝင် (၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ စစ်ဆင်ရေးများအတွင်း CDF–Daai က လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သား (၅၉)ဦးထဲတွင် အပြင်းအထန် ဒဏ်ရာရသူ (၇)ဦးကို ဆေးဝါးကုသပေးနေကာ နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency