‌ဝန်းသိုတွင် ကောလင်းမြို့မှ စပါးကုန်သည်နှင့် ကားသမား ၁၉ဦးကို စစ်ကောင်စီသတ်ဖြတ်

‌ဝန်းသိုတွင် ကောလင်းမြို့မှ စပါးကုန်သည်နှင့် ကားသမား ၁၉ဦးကို စစ်ကောင်စီသတ်ဖြတ်
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိ ဒေသအခေါ် (၅)မိုင်၌ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ကောလင်းမြို့ဒေသခံ အရပ်သားအလောင်း (၁၉)လောင်းကိုတွေ့ရှိကြောင်း Kawlin Revolution-KRထံမှ သိရသည်။

သေဆုံးသူများတွင် အမျိုးသား (၁၇)ဦးနှင့် အမျိုးသမီး(၂)ဦးပါဝင်ပြီး (၅)ဦးကိုသာ အတည်ပြုနိုင်သေးသည်ဟု သိရသည်။

သေဆုံးသူများသည် ရင်ဘက်နှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေကြာင်း သိရသည်။ 

ပြီးခဲ့သည့် ဇန်ဝါရီလ (၅)ရက်နေ့က ဝန်းသို ခမရ(၁၂၀)အနီး လေဘိုရွာအနီးရှိ ဒေသအခေါ် ကျောက်စိမ်းဘုရားအနီးတွင် စပါးကုန်သည်များနှင့် ကားသမားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းတွေ့ရှိရာအနီးတွင် စစ်ကောင်စီ၏ ကပစထုတ် (၅.၅၆)မမ ကျည်ခွံများတွေ့ရှိရပြီး သေဆုံးသူများကို ခြေကျင်းဝတ်များနှင့် လက်ပြန်ကြိုးတုပ်လျှက်အနေအထားဖြင့် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ရာတွင် ကားများနှင့် စပါးများအား ခမရ(၁၂၀)တပ်မှ သိမ်းဆည်းသွားပြီး ဝန်းသိုမြို့အတွင်းရှိ ဆန်စက်တွင် ဆန်များ‌ ရောင်းချနေသည်ဟု ဝန်းသိုမြို့ ဒေသခံများကဆိုသည်။ 

သေဆုံးအတည်ပြုပြီး စာရင်းမှာ ကောလင်းမြို့ခံများဖြစ်သော စပါးပွဲစား ဒေါ်ခင်စိန်၊ သိန်းဌေး၊ ဟိန်းဇော်၊ ထွန်းဇော်လှိုင်နှင့် ငထွန်း

တို့ဖြစ်သည်ဟု သိရသည်။ 

ကောလင်းမြို့ကို NUGက ထိန်းချုပ်ထားပြီးနောက် ဝန်းသိုရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကောလင်းမြို့ကို ကုန်စည်တင်သွင်းခွင့်နှင့် ကောလင်းမြို့ခံများအား ပြင်ပသို့ဖြတ်သန်းခွင့်များ ပိတ်ပင်ထားသည်။

#TachileikNewsAgency

Photo : Kawlin Revolution-KR