တာချီလိတ်မြို့တွင် ဆိုင်ကယ် သူခိုးများက သေနတ်ကိုင်ဆောင်သည်အထိ အတင့်ရဲလာနေပြီး ဆိုင်ကယ်ခိုးနေစဉ် တားမြစ်သူများကို ခြောက်လန့် ပစ်ခတ်သည်အထိ ဖြစ်ပွား

တာချီလိတ်မြို့တွင် ဆိုင်ကယ် သူခိုးများက သေနတ်ကိုင်ဆောင်သည်အထိ အတင့်ရဲလာနေပြီး ဆိုင်ကယ်ခိုးနေစဉ် တားမြစ်သူများကို ခြောက်လန့် ပစ်ခတ်သည်အထိ ဖြစ်ပွား

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်း၌ သေနတ်ကိုင်ထားသည့် ဆိုင်ကယ်သူခိုးလူတစ်စုက ဆိုင်ကယ်လာခိုးစဉ် တားမြစ်သူများကို သေနတ်ဖြင့် တစ်ချက် ခြောက်လန့်ကာ ရမ်းသမ်း ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့၏ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က မေဖလားဝါးကွင်းအတွင်း၊ နွဲ့လင်းထွန်းဟိုတယ်ရှေ့၏ လမ်းအကွေ့ရှိ ဆိုင်ဘေးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဆိုင်ဘေးတွင် Wave 125 ဖြူနီရောင် ဆိုင်ကယ်တစ်စီး အားရပ်တန့်ထားစဉ် အမျိုးသား(၃)ဦးမှ ခိုးခြင်း ဖြစ်ကြောင်း သိရသည်။



"ဆိုင်ဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ဆိုင်ထဲမှာ လူတွေမရှိဘူး အထင်နဲ့  ခိုးနေကြတာ။ အဲ့ချိန်မှာ ဆိုင်ထဲက မိန်းကလေးတွေကလည်း တွေ့တော့ အော်ကြတာပေါ့။ အော်လည်း အော်သလို ပြေးလည်း ပြေးထွက်လာကြတော့ ဟိုကောင်တွေက ရှေ့တိုးရင် ပစ်မယ်ပြောပြီး တစ်ချက်ပစ်တယ်။ လူကိုတော့ မထိဘူး။ ဆိုင်ကယ်လည်း ပါသွားတယ်။ ဟိုဖက်က သေနတ်ပါတော့ ကျွန်တော်တို့လည်း မတားလိုက်နိုင်ဘူး"ဟု အနီးဝန်းကျင်မှ မြင်တွေ့ရသူ အမျိုးသားတစ်ဦးက Tachileik News Agency ကို ဇွန်လ(၆)ရက်နေ့တွင် ပြောပြသည်။

ဆိုင်ကယ်ခိုးသည့် အချိန်မှာ ညနေ(၃)နာရီခွဲဝန်းကျင်ဖြစ်ပြီး အနီးဝန်းကျင်များတွင် လူများရှိနေသော်လည်း အဆိုပါ အမျိုးသား(၃)ဦးတွင် သေနတ်ပါနေ၍ မည်သို့မျှ တုန့်ပြန်နိုင်ခြင်းမရှိခြင်းကြောင့် ဆိုင်ကယ် ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ဆိုင်ကယ် ခိုးသည့် အမျိုးသား(၃)ဦးမှာ ဦးထုပ်အနက်ရောင်များကို ဆောင်းထားသလို Mask များလည်း တပ်ထားကြောင်းနှင့် (၃)ဦးတွင် (၁)ဦးမှာ အနည်းငယ် ဝပြီး၊ ကျန်(၂)ဦးမှာ ပုံမှန်အနေအထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် လုယက်မှုနှင့်ခိုးမှုများမှာ နေ့ရောညပါ ဖြစ်ပွားနေသော်လည်း တာချီလိတ်ရဲတပ်ဖွဲ့က ထိထိရောက်ရောက် တားဆီးနှိမ်နင်းရဲခြင်းမရှိ၍ အတင့်ရဲနေသည့်အတွက် ပြည်သူများမှာ စိတ်နှင့်ကိုယ် မလုံခြုံမှုများ ခံစားနေရသည်ဟု ဆိုသည်။



"တာချီလိတ်မှာ ဘယ်မှာပဲ နေနေ မလုံခြုံတော့ဘူး။ အရင်ကဆိုရင် ဓါးနဲ့ခုတ်ပြီး လုတယ်လို့ ခဏခဏ ကြားရသလို သူငယ်ချင်းအချို့လည်း ခံရတယ်။ အခုက သေနတ်ပါ ကိုင်လာပြီဆိုတော့ အတော်ကို လွန်လာပြီ။ တာချီလိတ်မြို့က မင်းမဲ့မြို့ဖြစ်နေပြီ။ မနေ့တုန်းကလည်း သူငယ်ချင်းတစ်ယောက် အလုပ်က အပြန် ဆန်ဆိုင်းနားမှာ ဆိုင်ကယ်လုခံရသေးတယ်။ နောက်ပြီး တာချီလိတ်မှာတော့ ဆိုင်ကယ်သူခိုးတွေကို ဖမ်းမိတယ်လို့ မကြားဘူး။ ဖမ်းမိလား မဖမ်းမိလားလည်း မသိဘူး။ ဖမ်းမိရင်လည်း ရဲစခန်းက ဆိုင်ကယ်ပိုင်ရှင်တွေ သိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေညာတာလည်းမရှိဘူး။ အဲ့တော့ ဘာမှမသိရဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လူပြတ်သည့် နေရာများတွင် ဆိုင်ကယ်မောင်းသူများကို ဓါးရှည်ဖြင့် လှမ်းခုတ်၍ ဆိုင်ကယ် လုယူမှုများရှိခဲ့ရာမှ ယခုအခါတွင် ဆိုင်ကယ်ခိုးသူများမှာ ဓါးကိုင်ဆောင်သည့်အပြင် သေနတ်များပါ ကိုင်ဆောင် လာသည်အထိ ပိုမိုအတင့်ရဲလာခြင်းမှာ စစ်တပ်အာဏာသိမ်းသည့်ကာလအတွင်း ဆန့်ကျင်သူများကို ဖမ်းဆီးသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ကို မထင်မဲ့မြင်ပြုလာခြင်းလည်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။