တာချီလိတ်မြို့တွင် ဖောက်ခွဲမှု ပြုလုပ်သူများနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများကို မြန်မာစစ်တပ်အတွက် ထိုင်းစစ်တပ်က ပါဝင် ကူညီကာ မယ်ဆိုင်မြို့တွင် ဖမ်းဆီးပေးနေ

တာချီလိတ်မြို့တွင် ဖောက်ခွဲမှု ပြုလုပ်သူများနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများကို မြန်မာစစ်တပ်အတွက် ထိုင်းစစ်တပ်က ပါဝင် ကူညီကာ မယ်ဆိုင်မြို့တွင် ဖမ်းဆီးပေးနေ

 

တာချီလိတ်မြို့တွင် USDP ပါတီရုံးဧရိယာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် နေထိုင်သည့် မြန်မာလင်မယား(၂)ဦးအပါအဝင် မိသားစု(၄)ဦးကို TBC ကနေ အကြောင်းကြားမှုဖြင့်  ထိုင်းစစ်တပ်က ဖမ်းဆီးပြီး မြန်မာစစ်တပ်ကို ချက်ချင်း လွဲပြောင်း ပေးလိုက်ပြီးနောက် ချင်းရိုင်းအထိ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရန် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

"(၂၈)ရက်နေ့ ညက ထိုင်းစစ်တပ်က မယ်ဆိုင်မြို့ထဲ နေရာ(၂)နေရာကို တပြိုင်တည်း ဝင်စီးတာ။ တစ်နေရာမှာတော့ မတွေ့ပေမဲ့ နောက်တစ်နေရာမှာ သူတို့ ဖမ်းခံရတာမျိုး၊ ဖမ်းခံရသူကို  အရှေ့ပိုင်း နဂါးနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာ။ ဖမ်းခံရတဲ့သူကိုတော့ အရင်က KNU တပ်ဖွဲ့ဝင်ဖြစ်ခဲ့တာလို့ပဲ သိထားရတယ်။ ဝင်ဖမ်းတော့ အိမ်ထဲမှာ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းလည်း တွေ့တယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

မယ်ဆိုင်မြို့ မုန်တိုင်းဈေးအနီးရှိ နေအိမ်အခန်းငှားတွင် ၂၀၂၃ခုနှစ် မတ်လ(၁)ရက်နေ့ ည(၉)နာရီကျော်အချိန်က ဖမ်းဆီးခံရသူများမှာ အသက်(၃၀)နှစ်ရှိ ကိုစောလတ် နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၂၂)နှစ်ရှိ မခင်မျိုးထက်တို့ဖြစ်ပြီး ၎င်းတို့၏ သားသမီးကလေးငယ်(၂)ဦးလည်း ဖမ်းဆီးခံရမှုတွင်ပါဝင်ပြီး ထိုင်းစစ်တပ်က ညပိုင်းတွင် ဖမ်းဆီးကာ နောက်တစ်နေ့ နံနက်ဖြစ်သည့် မတ်လ(၁)ရက်နေ့ နံနက်တွင် မြန်မာစစ်တပ်လက်ထဲသို့ အပ်လိုက်ပြီးနောက် လက်ရှိတွင် စရဖ(စရတ)က စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီ(USDP)ရုံးအနောက် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့၏ ညပိုင်း ဗုံး(၄)လုံးမှ (၅)လုံးအထိ ပေါက်ကွဲမှုအတွင်း ဗုံးပေါက်ကွဲမှုများအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ခမရ(၃၃၁)စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၇)ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရက်တွင် နှစ်ဖက်ချိတ်ဆက်ကာ ထိုင်းစစ်တပ်က ယခုလို ဖမ်းဆီးပေးခြင်းလည်း ဖြစ်သည်။ 

အဆိုပါ မြန်မာလင်မယား(၂)ဦးကို ဖမ်းဆီးပြီးနောက် မတ်လ(၁)ရက်နေ့ ညပိုင်းကလည်း မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်တပ်က ထပ်မံဖမ်းဆီးလိုက်ကြောင်းနှင့် ၎င်းကိုလည်း မတ်လ(၃)ရက်နေ့တွင် လွဲပြောင်းပေးနိုင်ခြေရှိသည်ဟု သိရသည်။

"လင်မယားနှစ်ယောက်နဲ့ ကလေးတွေကို ထိုင်းစစ်တပ်က ညပိုင်းမှာ ဖမ်းပြီး မနက်ရောက်တော့ မြန်မာစစ်တပ်လက်ထဲကို အပ်လိုက်တာ။ ညကလည်း မယ်ဆိုင်မှာ နောက်တစ်ယောက်ကို ထိုင်းစစ်တပ်က ဖမ်းသွားသေးတယ်။"ဟု အမည်မဖော်လိုသူတစ်ဦးက မတ်လ(၂)ရက်နေ့တွင် Tachileik News Agency ကို ပြောသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား ဖမ်းဆီးရေးနှင့်သတင်းအချက်အလက် မျှဝေရေးအတွက် စစ်တပ်က ကြိုးကိုင်သည့် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)ကနေ တဆင့် အပြန်အလှန် ချိတ်ဆက်ခြင်းဖြစ်ပြီး မြန်မာဘက်က အလိုရှိသည့် တရားခံပြေးဆိုသူများကို ဖမ်းဆီးရန်အတွက် ယခင်ကတည်း TBC ကနေ အချက်အလက်များ မျှဝေကာ ဖမ်းဆီးလုပ်ဆောင်ကြခြင်းဖြစ်သည်။

TBC သည် မြို့နယ်အဆင့်နယ်ခြားကော်မတီဟုသာဆိုသော်လည်း တာချီလိတ် နှင့် မယ်ဆိုင်ဟုဆိုသော်လည်း ချင်းရိုင်းခရိုင်တခုလုံးအပြင် ချင်းမိုင်အထိပါ ၎င်းတို့အနေဖြင့် စစ်တပ်နှင့်ချိတ်ဆက်ပြီး ဖမ်းဆီးမှုများကို လုပ်ဆောင်နိုင်သည်။

တာချီလိတ်မြို့တွင် ဖောက်ခွဲမှုများ လုပ်ဆောင်နေသည့် အရှေ့ပိုင်း နဂါး မြို့ပြပြောက်ကျားအဖွဲ့ နှင့် ပတ်သက်၍ ပါဝင် ပတ်သက်သူများနှင့် ထောက်ပံ့သူများသည် ထိုင်းနိုင်ငံ ချင်းရိုင်းအထိ ရှိနိုင်သည်ဟု သတ်မှတ်ပြီး မြန်မာစစ်တပ်က ထိုင်းစစ်တပ်နှင့် ချိတ်ဆက်ကာ စုံစမ်းဖမ်းဆီးရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို တာချီလိတ်မြို့ အထက(ဟောင်လိတ်)ကျောင်းရှေ့ရှိ စရဖ(စရတ)စခန်းတွင် ဖမ်းဆီးပြီး စစ်ကြောနေရာ မယ်ဆိုင် နှင့် ချင်းရိုင်းတို့တွင် နေထိုင်ပြီး အရှေ့ပိုင်း နဂါး မြို့ပြပြောက်ကျားအဖွဲ့သို့ ထောက်ပံ့ပေးနေသူများကို ဆက်လက်ဖမ်းဆီးနိုင်သည်ဟု သိရသည်။



"ညကလည်း တစ်ယောက်ကို ထိုင်းစစ်တပ်က ဖမ်းသွားတယ်ဆိုတော့ မြန်မာစစ်တပ်က ခိုင်းရင်း ထိုင်းစစ်တပ်ကလည်း ဆက်ဖမ်းပေးနိုင်မှာပဲ တကယ်လို့ မယ်ဆိုင်နဲ့ ချင်းရိုင်းကနေ အရှေ့ပိုင်း နဂါး မြို့ပြပြောက်ကျားအဖွဲ့ကို ထောက်ပံ့ရေးလုပ်ခဲ့သူရှိရင် သတိထားနေဖို့တော့လိုမယ်"ဟု ၎င်းက ပြောသည်။

ထိုင်းစစ်တပ်က မြန်မာစစ်တပ်နည်းတူ ယခုဖမ်းဆီးရရှိမှုများ၏ သတင်းအချက်အလက်များကို မြန်မာစစ်တပ်အတွက် ဖုံးကွယ်ပေးထားသည်။

တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အတွင်း စစ်တပ်အချင်းချင်း ချိတ်ဆက်မှုကို မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)၏ စကားပြန်အဆင့်ရှိသူများကနေ တဆင့် ဆက်သွယ်ပြီး ၎င်းတို့က မြန်မာစစ်တပ်က ပေးသည့် သတင်းအချက်အလက်များကို ထိုင်းစစ်တပ်သို့ ပေးပို့ရခြင်း ဖြစ်ရာ ထိုင်းဘက်က အလိုရှိသည့် မူးယစ်တရားခံပြေးများ၊ မြန်မာဘက်က အလိုရှိသူများကို သတင်းအချက်အလက် မျှဝေပြီး ဖမ်းဆီးနိုင်ရေးကိုလည်း အဓိက အားဖြင့် TBC ကနေ တဆင့် လုပ်ဆောင်ကြသလို တာချီလိတ် စရဖ နှင့် ရဲတပ်ဖွဲ့ကလည်း ထိုင်းနိုင်ငံ ချင်းရိုင်းအထိ အရပ်ဝတ်ဖြင့် သွားလာမှုများလည်း ပြုလုပ်လေ့ရှိတတ်သည်။