တာချီလိတ်မြို့ရှောင်လမ်းတလျှောက် အိမ်ဆောက်လုပ်ခွင့် မရှိသေးသည့် လယ်ယာမြေများပေါ်တွင် အိမ်ဆောက်ခွင့်ရရေးအတွက် စည်ပင်ကို ကျပ်ငွေနှင့်ဘတ်ငွေ အများအပြား ပေးနေရ

တာချီလိတ်မြို့ရှောင်လမ်းတလျှောက် အိမ်ဆောက်လုပ်ခွင့် မရှိသေးသည့် လယ်ယာမြေများပေါ်တွင် အိမ်ဆောက်ခွင့်ရရေးအတွက် စည်ပင်ကို ကျပ်ငွေနှင့်ဘတ်ငွေ အများအပြား ပေးနေရ
ဖေဖော်ဝါရီ 10, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖောက်နေသည့် နေရာဝန်းကျင်ဖြစ်သည့် ရန်အောင်မြေ - ဆေခမ်းရပ်ကွက်အနောက်ဖက်ခြမ်း အိမ်ဆောက်ခွင့်မရှိသည့် လယ်မြေများပေါ်  မြေကွက်အချို့သည် နေအိမ်ဆောက်လုပ်ခွင့်ရရန် စည်ပင်သာယာရေးဌာန၏ တောင်းသလောက်ကို ပေးနေရသော်လည်း တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက စည်ပင်က တာဝန်ယူမှု တာဝန်ခံမှုရှိမည် မဟုတ်ကြောင်း သိရသည်။

မြို့ရှောင်လမ်းဖောက်နေသည့် လမ်းတစ်လျှောက်ရှိ ဆေခမ်းရပ်ကွက်အပိုင်း လယ်မြေအချို့တွင် နေအိမ်ဆောက်လုပ်ရန်အတွက် ရပ်ကွက်ရုံးသို့ သွားရောက်ပြီး လက်မှတ်ထိုးရာတွင် ရပ်ကွက်ရုံးက အဆိုပါ မြေကွက်များသည် လယ်ယာမြေဖြစ်ပြီး အခြားနည်းဖြင့် အသုံးပြုခွင့် (လန)လျှောက်ထားခြင်းမရှိသေးသည့် မြေနေရာဖြစ်၍ လက်မှတ်ထိုးပေး၍ မရကြောင်း ဆိုထားသော်လည်း စည်ပင်သာယာရေးဌာနက ရုံးသို့ ခေါ်ယူကာ ငွေကြေးတောင်းခံပြီး မသိသလို  ခွင့်ပြုပေးနေကြောင်း သိရသည်။



"အဲ့ဒီ အကွက်ဖော်ထားတဲ့ လယ်ယာမြေတွေမှာ အိမ်ဆောက်လို့ဆိုပြီး စည်ပင်က တားစာတွေပို့ပြီးတော့ ဆောက်လုပ်ခွင့် လာတင်ဆိုပြီး လိုက်ခေါ်တာ။ ဦးရဲသီဟအောင် (လက်ထောက်အင်ဂျင်နီယာ) အမည်နဲ့ ရုံးကိုလာကြဖို့ ခေါ်တာ။ အဲ့တော့ မြေဝယ်ထားသူတွေက ရုံးသွားကြရတယ်။ အဲ့တော့ စည်ပင်က တစ်ထပ်ကို ထိုင်းဘတ်ငွေ (၈၀၀၀)ဘတ်၊ (၂)ထပ်ဆိုရင် ဘတ်(၁၅၀၀၀)ခွဲဆိုပြီး တောင်းတာ။ အဲ့အပြင် ကျပ်က ဘယ်လောက် ပေးရမယ်ဆိုပြီးတော့လည်း ကျပ်ရော၊ ဘတ်ရော တောင်းတာ၊ အဲ့လို တောင်းတာကလည်း တရားဝင်မဟုတ်ဘူး လယ်မြေမို့လို့ အိမ်ဆောက်လို့ မရလို့တောင် ရပ်ကွက်ဥက္ကဌက လက်မှတ်မထိုးပေးတာ။ စည်ပင်က ဘတ်ငွေ၊ ကျပ်ငွေတွေ ကောက်ပြီး ခွင့်ပြုမိန့် ပေးတာလားဆိုတော့လည်း မဟုတ်ဘူး။ ဆောက်ချင်ဆောက် ငါတို့တော့ မတားဘူးဆိုတဲ့ သဘောမျိုး လုပ်ထားတာ"ဟု ဆေခမ်းရပ်ကွက်အတွင်းနေသူ တစ်ဦးက Tachileik News Agency သို့  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။

ဆောက်လုပ်ခွင့်များကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အင်ဂျင်နီယာအပိုင်းက ကိုင်တွယ်သည့်အတွက်   အင်ဂျင်နီယာမှူးဖြစ်သူ ဦးရဲထွန်း၏ ညွှန်ကြားမှုဖြင့် ဆေခမ်းရပ်ကွက်အပိုင်း တာဝန်ခံ လက်ထောက်အင်ဂျင်နီယာ ဦးရဲသီဟအောင် က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ၏ ပထမပတ်တွင်းက စပြီး ဆင့်ခေါ်ကာ ငွေကြေးတောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အင်ဂျင်နီယာအပိုင်းက မြို့ရှောင်လမ်းတစ်လျှောက် ရန်အောင်မြေ၊ ပါဆတ် နှင့် ဆေခမ်းရပ်ကွက် အပိုင်းရှိ ဆောက်လုပ်ခွင့်မရသေးသည့် လယ်မြေများတွင် အိမ်ဆောက်လိုသူများထံ စာဖြင့်ပို့သည့်အပြင် ဆက်သွယ်ရန်ဖုန်းနံပါတ်ပါရေးပေးပြီး ခေါ်တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အိမ်ဆောက်ဖို့အတွက်  ရပ်ကွက်ရုံးကိုသွားတာ ရပ်ကွက်ရုံးကတော့ လက်မှတ်မထိုးပေးဘူး။ စည်ပင်ကိုတော့ ကျပ်(၅)သိန်းအထက်နဲ့ ဘတ်(၁၀၀၀၀)ကျော် ပေးရတယ်။ ရပ်ကွက်ရုံးကတော့ ဒါက လယ်မြေတွေဖြစ်တော့ ဥပဒေအတိုင်း အဆောက်အဦး ဆောက်လုပ်ခွင့်မရှိတဲ့အတွက် လက်မှတ်မထိုးပေးဘူး။ သူတို့အပေါ် ပြသနာမကျအောင်လည်း ပါတာပေါ့။ နောက်ပြီး ခုလိုနေရာမှာ အိမ်ဆောက်ဖို့အတွက် ကျပ်ပေးစရာမလိုဘဲ စည်ပင်ကို ဘတ်(၂၀,၀၀၀) (၃၀,၀၀၀)ပေးပြီး အပြီးညှိလို့ရတာတွေလည်းရှိတယ်။ ဒါတွေကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအပိုင်းက မသိတာလား မသိသလိုနေတာလားတော့ မပြောတတ်ဘူး။"ဟု ကိုဆန်းနိုင်က ပြောသည်။

စည်ပင်သာယာရေးဌာန၏ ဝန်ထမ်းများ ရာထူးတိုးနှင့် အပြောင်းအရွှေ့ကာလသည် လာမည့် မတ်လအတွင်း၌ ဖြစ်နိုင်ချေရှိသည့်အတွက် မတ်လအတိုင်မီ ယခုလို ငွေရလမ်း ဖန်တီးနေခြင်းဖြစ်သည်ဟုလည်း စည်ပင်သာယာရေးဌာနှင့် နီးစပ်သူများက ဆိုသည်။ 

"မြို့ရှောင်လမ်း တစ်လျှောက်မှာ မြေကွက်အရောင်းအဝယ်တွေ ဖြစ်နေတာ။ လယ်မြေတွေဆိုရင်လည်း လန ကျပြီးသားလား၊။ အိမ်ဆောက်ခွင့်ရလားဆိုတာကို အရင်မေးရသေးတယ်။ တချို့ကလည်း လန မရှိဘူး။ စည်ပင်က လာစစ်လို့ တွေ့ရင် စည်ပင်ကို ငွေပေးရင် ရတယ်လို့ပြောတယ်။ "ဟု ဆေခမ်းရပ်ကွက်အတွင်းနေသူ တစ်ဦးက ဆိုသည်။

အိမ်ဆောက်လုပ်ခွင့်မရှိသည့် လယ်ယာမြေများပေါ်တွင် အိမ်ဆောက်လုပ်ပါက တချိန်တွင် ပြသနာများဖြစ်ပေါ်လာနိုင်ချေရှိသည်ဟုလည်း သိရသည်။

တာချီလိတ်မြို့သည် ထိုင်းဘတ်ငွေကိုသာ အဓိက အလေးထား အသုံးပြုနေသည့်အတွက် တာချီလိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများမှာ ဌာန၏ သတ်မှတ် ကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အဓိက တောင်းခံလေ့ရှိသည်။