မိုင်းခတ်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲတွင် မသိနားမလည်သည့် ကျေးရွာနေ တိုင်းရင်းသားများကို ခေါ်ယူ အသုံးချ 

Photo: နေမင်း တာချီလိတ်
Photo: နေမင်း တာချီလိတ်
မိုင်းခတ်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲတွင် မသိနားမလည်သည့် ကျေးရွာနေ တိုင်းရင်းသားများကို ခေါ်ယူ အသုံးချ 
အောက်တိုဘာ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်း၊ မိုင်းခတ်မြို့တွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို တြိဂံတိုင်းစစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယနေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် ပြုလုပ်ရာ မြို့ပေါ်နေသူများထက် ကျေးရွာနေ တိုင်းရင်းသားများကို ခေါ်ယူအသုံးချကြောင်း သိရသည်။

ဒီနေ့ မိုင်းခတ်မှာ စစ်တပ်ထောက်ခံပွဲလုပ်တော့ မြို့ပေါ်က လူတွေထက် ရွာက တောင်ပေါ်သားတွေ ပိုများတယ်။ သူတို့ကို အဓိက ထောက်ခံပါသည်တို့၊ တို့အရေးတို့၊ ကျန်းမာပါစေ ချမ်းသာပါစေတို့ဆိုပြီး အဓိက အော်ခိုင်းတာပေါ့။ မသိမနားလည်သူတွေကို ခေါ်ပြီး အသုံးချတာပေါ့ဗျာ။ ကျွန်တော်လည်း စစ်မှုထမ်းဟောင်းတစ်ဦးပဲ အခုလို စိတ်ထဲမပါတဲ့ အလုပ်မျိုးတော့ ဘယ်လိုမှ သဘောမကျဘူး။

ဟု ယခုလို လုပ်ရပ်ကို မနှစ်သက်သည့်  မိုင်းခတ်ဒေသမြို့မှ အမည်မဖော်လိုသည့် စစ်မှုထမ်းဟောင်းတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၇)ရက်နေ့ ညနေပိုင်းက ပြောသည်။

မိုင်းခတ်မြို့တွင် ပြုလုပ်သည့် ထောက်ခံပွဲကို မြို့ခံဟုဆိုသည့် ဦးအောင်သန်းက အမည်ခံ၍ ကျင်းပပြီး ပါဝင်ဆင်နွှဲသူများကို ထမင်းထုတ်နှင့် ရေဗူးများပေးဝေခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ကို ထောက်ခံဖို့ လူတွေအတော်စုရတယ်။ သူတို့က ပြည်သူ့စစ်ကနေလည်းစုရတယ်။ စစ်မှုထမ်းဟောင်းကနေလည်း စုရတယ်လေ။ မြို့ပေါ်က လူတွေက ဘယ်လိုမှ မလိုက်ချင်ဘူး။ အဲ့တော့ ရွာက လူတွေကိုပဲ ခေါ်တာပေါ့။ ရွာက လူတွေကလည်း နားမလည်ဘူး။ သူတို့ အော်ခိုင်းတာ လိုက်အော်ပြီးရင် ပြန်ရပြီ ဆိုပြီးတော့ဘဲ အော်ပေးပြီး ပြန်ကြတာတော့။ စစ်တပ်ကို ဆန့်ကျင်ပွဲလုပ်မယ် အဖမ်းအဆီးမရှိဘူး။ လာချင်လာကြလို့တာ ဆော်ဩကြည့် အများကြီး ထွက်လာကြဦးမယ်။ ကွာခြားချက်ကို ပြောပြတာပါ

ဟု မိုင်းခတ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က စတင်ကာ အောက်တိုဘာလ(၂၇)ရက်နေ့အထိ မိုင်းဆတ်၊ မိုင်းတုံ နှင့် မိုင်းခတ်မြို့များ၌ အာဏာသိမ်းစစ်တပ်အား ထောက်ခံသည့် ထောက်ခံပွဲကို ပြုလုပ်ခဲ့ရာတွင် တပ်နယ်က အဓိက အားဖြစ် စစ်မှုထမ်းဟောင်းအဖွဲ့ နှင့် ပြည်သူ့စစ်များကို အာဏာများအသုံးပြု၍ လူအင်အားရှာဖွေခိုင်းကြောင်း သိရသည်။

အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်တွင်လည်း ထောက်ခံပွဲကျင်းပရန် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မိုင်းပျဉ်းမြို့ရှိ ကားကြီးကွင်းတွင် စုရပ်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။