မိုင်းဆတ်မြို့တွင် အိမ်အတွင်း ပစ္စည်းများ အားလုံး ခိုးခံရသည်အထိဖြစ်ပွားပြီး ခိုးဆိုးလုယက်မှုများ ပေါများလာ

TV    ဖြုတ်ယူ ခိုးခံရစဉ်
TV ဖြုတ်ယူ ခိုးခံရစဉ်
မိုင်းဆတ်မြို့တွင် အိမ်အတွင်း ပစ္စည်းများ အားလုံး ခိုးခံရသည်အထိဖြစ်ပွားပြီး ခိုးဆိုးလုယက်မှုများ ပေါများလာ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့တွင် ခိုးမှုများ ပေါ်များလာနေပြီး စက်တင်ဘာလ(၆)ရက်နေ့ ညပိုင်းကလည်း ကွက်သစ်ရပ်ကွက်အတွင်း၌ အိမ်တွင်းပစ္စည်းများ အားလုံး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွက်သစ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ ညပိုင်းက အိမ်ရှင်များမှာ ကောက်သစ်စားပွဲ ကျင်းပရာ ရွာသို့  တစ်ညအိပ်သွားနေကြစဉ် အိမ်တွင်း ပစ္စည်းများ အားလုံး ခိုးယူခံရခြင်း ဖြစ်ပြီးကြောင်း သိရသည်။

ခိုးယူခံရသည့် ပစ္စည်းများမှာ နေအိမ်အတွင်းမှ TV ၊ စလောင်း၊ မီးစက်၊ စောင်၊ ဆန် နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းပေါင်းအိုးနှင့်ပန်းကန်များပါ ခိုးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

"မိုင်းဆတ်မြို့မှာ အခုလိုတွေ အရင်က မကြားဖူးဘူး။ အခုနောက်ပိုင်း ဆေးသမားတွေလည်း အရမ်းများလာသလို ခိုးမှုတွေလည်း အရမ်းများလာတယ်။ စိတ်ထဲ မလုံခြုံတော့သလို ခံစားရတယ်။"ဟု ဒေသခံ ကိုအိုက်ဆမ်က Tachileik News Agency သို့ ပြောသည်။

မိုင်းဆတ်မြို့တွင် အထိန်းအကွပ်မဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများလာသည့်အတွက် မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက်ရှိ မူလမင်းကွန်းကမ္မဌာန်းတိုက်အတွင်းမှ နေ့ဆွမ်းပြင်ဆင်ထားမှုများပါ မကြာခဏ ခိုးခံရသလို ဖုန်းခိုးခံရမှုများလည်း ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည်။

ယခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၄)နာရီ ဝန်းကျင်အချိန်ကလည်း မိုင်းဆတ်မြို့ပေါ် မယ်ဆွမ်မြောက်ရပ်ကွက်နေ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ဈေးသို့ စက်ဘီးဖြင့် သွားစဉ် ဦးခေါင်းကို တုတ်ဖြင့် ရိုက်ခံရပြီး ပိုက်ဆံအိတ်လုခံရမှု ဖြစ်ပွားခဲ့ပြီးကာ ဦးခေါင်းကို (၅)ချက် ချုပ်လိုက်ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

 

မိုင်းဆတ်မြို့တွင် ခိုးဆိုးလုယက်မှုများ ပေါများလာသော်လည်း မိုင်းဆတ် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းက ဒေသတွင်း ခိုးဆိုးလုယက်မှုများကို တားဆီးနှိမ်နင်းနိုင်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၏ မြို့နယ်များအနက် တာချီလိတ်မြို့တစ်ခုတည်းသာ ခိုးဆိုးလုယက်မှုများ ပေါများနေရာမှ ယခုအခါတွင် မိုင်းဆတ်မြို့တွင်လည်း ခိုးဆိုးလုယက်မှုများ ပေါများလာနေခြင်း ဖြစ်သည်။

#TachileikNewsAgency