တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိဈာပန အတွက် ကျိုင်းတုံမြို့ ဝစီပိတ် ဆရာတော် နှင့် အဖွဲ့မှ ပြင်ဆင်မှုများ ပြုလုပ်

တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိဈာပန အတွက် ကျိုင်းတုံမြို့ ဝစီပိတ် ဆရာတော် နှင့် အဖွဲ့မှ ပြင်ဆင်မှုများ ပြုလုပ်
ဖေဖော်ဝါရီ 17, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နဂါးနှစ်ကောင်ကျောင်းတိုက်ကြီး၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပနအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်မှာ ကြွရောက် ကြီးကြပ်ကာ လုပ်ဆောင်နေကြောင်း သိရသည်။



နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသဘင်ကို ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့ စနေနေ့တွင် တာချီလိတ် - မိုင်းဖုန်းသွားကားလမ်းမကြီးဘေးရှိ မြေနေရာ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

လက်ရှိတွင် အန္တိမအဂ္ဂိဈာပနကျင်းပရေးကော်မတီအနေဖြင့် မုဒ်ဦးတည်ဆောက်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ သံဃာတော်များပင့်ဖိတ်ခြင်း၊ မဏ္ဍပ် တည်ဆောက်ခြင်းနှင့် သက်ဆိုင်ရာမဏ္ဍပ်အလိုက် ပစ္စည်းများခင်းကျင်းခြင်း၊ ရေရရှိရေးနှင့် ရေစဉ် တည်ဆောက်ခြင်း အပြင် လျှပ်စစ်မီးသွယ်တန်းရရှိရေးနှင့် ရွေ့လျား အိမ်သာထားရှိမှု အခြေအနေများ၊ ဆရာတော်၏ ရုပ်ကလာပ်တော်အား တေဇောဓာတ်ပူ‌ဇော်မည့်နေရာသို့ သွားရာလမ်းဘေး ဝဲ/ယာ တစ်လျှောက် သာသနာ့အလံစိုက်ထူရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ဈာပနာအခမ်းအနား ကျင်းပမည့် ဝန်းကျင်အနီးလမ်းဘေး ဝဲ/ယာ တလျှောက်ရှိ ကျွန်းပင်များအား ထုံးဖြူသုတ်ထားရေး စသည့်လုပ်ငန်းများကို တဆင့်ပြီး တဆင့် ပြီးမြောက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသဘင်အတွက် ပါဝင်လှူဒါန်းလိုသူများအဖြင့် နဂါးနှစ်ကောင်ကျောင်းတိုက်တို့ လာရောက် လှူဒါန်းနိုင်သလို ဆက်သွယ်ရန် ဖုန်းများအနေဖြင့် ဦးကျော်စွာလွင် ဖုန်း-၀၉၅၁၉၆၃၆၃၊ ဦးစိုင်းဆင် ဖုန်း - ၀၉၅၂၄၀၅၆၈၊ ဦးစိုင်းရီစံခတ် ဖုန်း-၀၉၅၂၄၂၈၄၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်သည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အကူးပိုင်း အချိန်က  ပျံလွန်တော်မူသွားရာ ကြွင်းကျန်ရစ်သည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်တွင် အပူဇော်ခံထားရှိသည်။



Photo: နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓါနနာယကဆရာတော်၏အန္တိမအဂ္ဂိဈာပနပူဇာသဘင်သတင်းနှင့်ပြန်ကြားရေးကော်မတီ