တာချီလိတ်မြို့နယ်စည်ပင် အင်ဂျင်နီယာမှူးက  အထပ်မြင့်အဆောက်အဦး ဆောက်လုပ်သူများ အပေါ်  ဘတ်ငွေ သိန်းဂဏန်းအထိ အတောင်းကြမ်း

 တာချီလိတ်မြို့နယ်စည်ပင် အင်ဂျင်နီယာမှူးက  အထပ်မြင့်အဆောက်အဦး ဆောက်လုပ်သူများ အပေါ်  ဘတ်ငွေ သိန်းဂဏန်းအထိ အတောင်းကြမ်း
ဇန်နဝါရီ 21, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ အင်ဂျင်နီယာမှူးဖြစ်သူ ဦးရဲထွန်းသည် ရုံးချိန်အတွင်း အရက်သောက်စားမှုများရှိနေသလို လုပ်ငန်းကိစ္စများအတွက် ငွေကြေး မတန်တဆ အင်မတန်တောင်းသူဖြစ်နေကြောင်း ဒေသခံ လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

"တခါသား လက်မှတ်ထိုးဖို့ စည်ပင်ရုံးကိုသွားတော့ အင်ဂျင်နီယာမှူးက အရက်တွေသောက်ထားပြီး မူးနေတယ်။ မူးနေတော့ စကားကောင်းကောင်းမပြောဘူး။ ဟိန်းဟောက် ဆဲလွှတ်တယ်။ ပိုက်ဆံကတော့ အတော်ပေးရတယ် (၂)ထပ်ခွဲအထက် အဆောက်အဦး ဆောက်ရင် မီးသတ်အတွက်၊ အခြားအတွက် ဘာညာအတွက်ဆိုပြီး ဘတ်သိန်းဂဏန်းအထိ ပေးရတယ်။ အဲ့လိုပေးရတဲ့အပြင် အဆောက်အဦးအတွက် ကွင်းဆင်းခဆိုပြီးတော့လည်း စာအိတ်နဲ့ထည့်ပေးရသေးတယ်။"ဟု တာချီလိတ်မြို့မှ အမည်မဖော်လိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် (၃)ထပ်နှင့်အထက် အဆောက်အဦးများအတွက် ပြည်နယ်စည်ပင်သာယာရေးဌာနရုံးစိုက်ရာ တောင်ကြီးမြို့အထိ တင်ပြရသော်လည်း (၂)ထပ်ခွဲအောက်ရှိ အဆောက်အဦးများကိုတော့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတွင်သာ တင်ပြရပြီး ဆောက်လုပ်ခွင့်ရရှိရေးအတွက် အင်ဂျင်နီယာမှူး တောင်းသည့် ငွေပမဏကို ပေးကြရသည်ဟု သိရသည်။

"အထပ်မြင့်အဆောက်အဦး (၂)ထပ်ခွဲအထက် အဆောက်အဦးတွေအတွက် ပြည်နယ်ကို တင်ပြရရင်တော့ အတော်ကုန်တယ်။ ပြည်နယ်က အကြီးအကဲကိုလည်း ပေးရမှာဆိုပြီး သီးသန့်တောင်းတယ်။ နောက်ပြီး ဆောက်လုပ်ခွင့်တင်ပြပေးခဆိုပြီးတော့လည်း သီးသန့် ထပ်တောင်းပြန်တယ်။"ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

 အခြား ဆောက်လုပ်ရေးငန်းများနှင့် ပတ်သက်၍  ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ပဆင) အပါအဝင် အခြားဌာနများ၏ လုပ်ငန်းတင်ဒါများကို အောင်သည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ ထောက်ခံချက် လိုအပ်ရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အင်ဂျင်နီယာမှူးထံ လက်မှတ်သွားထိုးရတိုင်း ငွေကြေးပေးရသည်များ ရှိကြောင်းလည်း သိရသည်။

"တာချီလိတ်မှာတော့ ဌာနဆိုင်ရာတွေ အရင်ကထက် လူပါးဝလာကြတယ်။ စစ်တပ်က အာဏာသိမ်းသိမ်းထားတာနဲ့ပတ်သက်ပြီး သူတို့က ဒါကို အခွင့်အကောင်းယူပြီးတော့ ငွေကြေးတောင်းတာတွေက ဌာနအလိုက်ကို ဖြစ်နေတာ။လက်မှတ်တစ်ချက်ရဖို့ ပေးရတာ မတန်တဆပဲ။  စာအိတ်နဲ့ သီးခြားငွေမပေးရင် မလွယ်လွယ်မလုပ်ပေးဘူး။ "ဟု ဒေသခံ ကိုကျော်မြင့်က ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ်နောက်ပိုင်း ပြည်သူများနှင့် အများဆုံးထိတွေ့ရသည့် ထွေအုပ်၊ မြေစာရင်း၊ ပြည်တွင်းအခွန်၊ ရဲတပ်ဖွဲ့၊ လဝက၊ အကောက်ခွန် စသည့် ဌာနများသည် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် သီးခြားငွေအဖြစ် ထိုင်းဘတ်ငွေ အမြောက်အများ တောင်းမှုများရှိလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။