ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ထွန်းမင်းလတ်၏ တိုက်ခန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု၏ ပိုင်ဆိုင်မှုများ တွေ့ရှိရ

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ထွန်းမင်းလတ်၏ တိုက်ခန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု၏ ပိုင်ဆိုင်မှုများ တွေ့ရှိရ
By Mr John

 

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ် ပိုင်ဆိုင်သော ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို စီးနင်းရှာဖွေမှုအတွင်း အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီများ၏ ပိုင်ဆိုင်မှုများကို ထိုင်းတာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း Reuters သတင်းက ‌ဖော်ပြသည်။

ထွန်မင်းလတ်ကို မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ငွေးကြခဝါချမှုများဖြင့် ထိုင်းအာဏာပိုင်များက စွဲချက်တင်ထားကြောင်း တရားဝင်မှတ်တမ်းနှင့် ထိုအမှုကို သိရှိထားသူ (၂) ဦး၏ ပြောကြားမှုအရ သိရှိရသည်။ 

အသက် (၅၃) နှစ်အရွယ် ထွန်းမင်းလတ်၏ နေအိမ်တွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးနှင့်သားတို့ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများနှင့် ဘဏ်စာအုပ်များကို တွေ့ရှိခဲ့သည်။

မြန်မာစစ်အုပ်စုခေါင်းဆောင်၏ သားနှင့်သမီးကို ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု မရှိကြောင်း ထိုအမှုကို သိရှိထားသူ (၂) ဦးက ဆိုသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်း၏သား အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ ထွန်းမင်းလတ်ကို စုံစမ်းစစ်ဆေးမှုများနှင့် သက်ဆိုင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားခြင်းမရှိကြောင်း ထိုအမှုကို သိရှိထားသူ (၂) ဦးက ဖြည့်စွက်ပြောခဲ့သည်။

ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသား (၃) ဦးနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးကုန်သွယ်ရန်နှင့် ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

 ထိုစဥ်က ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ ထွန်းမင်းလတ်၏ တိုက်ခန်းကို စီးနင်းရှာဖွေမှုအတွင်း ဇိမ်ခံကားများ၊ နာရီများနှင့် တန်ဖိုးကြီးအိတ်များ အပါအဝင် အမေရိကန်ဒေါ်လာ (၈.၉၆) သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့်အတူ ငွေသား ဒေါ်လာ (၂၃၉,၀၉၁) ကို သိမ်းဆည်းရမိခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့စွဲဖြင့် ပိုင်ဆိုင်မှု သိမ်းဆည်းရမိကြောင်း တရားဝင် မှတ်တမ်းတစ်ခုအရ အိပ်ခန်း (၄) ခန်းပါ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို အောင်ပြည့်စုံအမည်ဖြင့် ဝယ်ယူထားသည့် စာချုပ်စာတမ်း၊ ခင်သီရိသက်မွန်၏ အမည်ဖြင့် အကောင့်ဖွင့်ထားသော Siam Commercial Bank (SCB) ဘဏ်စာအုပ် (၂) အုပ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထွန်းမင်းလတ်မှာ ဟိုတယ်၊ စွမ်းအင်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ကာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းကိစ္စအပါအဝင် အကူအညီများပေးနေသူဟု ဆိုသည်။

 မြန်မာအစိုးရပိုင်မီဒီယာက ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်လက်နက်ပစ္စည်းပြပွဲတစ်ခုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထွန်းမင်းလတ်တို့ အတူလာရောက်ခဲ့သည့် ဓာတ်ပုံများကို ဖော်ပြခဲ့ဖူးသည်ဟု Reuters က ပြောသည်။

Source: Reuters