ရုရှားက ယူကရိန်း အစိုးရနှင့်အရပ်သား အဆောက်အအုံများကိုတိုက်ခိုက်ရန်ပြင်ဆင်နေ

ရုရှားက ယူကရိန်း အစိုးရနှင့်အရပ်သား အဆောက်အအုံများကိုတိုက်ခိုက်ရန်ပြင်ဆင်နေ
သြဂုတ် 24, 2022 | နိုင်ငံတကာသတင်း
By Mr John

လာမည့် ရက်အနည်းငယ်အတွင်း  ယူကရိန်းစစ်ပွဲ (၆) လပြည့်မည်ဖြစ်ပြီး ရုရှားက အရပ်သားနှင့်အစိုးရ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟု ယူဆရကြောင်းနှင့် ၎င်း၏နိုင်ငံသားများကို ယူကရိန်းမှထွက်ခွာကြရန် အမေရိကန်နိုင်ငံက ဩဂုတ်လ (၂၃) ရက်နေ့တွင် သတိပေးခဲ့သည်။

ယူကရိန်းအစိုးရက ကိဗ်မြို့တော်တွင် ဩဂုတ်လ (၂၄) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ဆိုဗီယက်အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် နှစ်ပတ်လည်အခမ်းအနားကို တိုက်ခိုက်မည်ကို စိုးရိမ်မှုကြောင့် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် အမေရိကန်၏ သတိပေးမှုရှိလာခဲ့ခြင်း ဖြစ်သည်။

"လာမယ့် ရက်များအတွင်း ရုရှားက ယူကရိန်း အရပ်သားအခြေခံအဆောက်အအုံနဲ့ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရရှိထားပါတယ်" ဟု အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အမေရိကန်နိုင်ငံသားများ အနေဖြင့် ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ပါက ယခုပင် ထွက်ခွာသင့်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အမေရိကန်က ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဩဂုတ်လ (၂၄) ရက်နေ့တွင် ဆိုဗီယက်လက်အောက်မှ ယူကရိန်း လွတ်လပ်ရေးရမှု (၃၁) နှစ်ပြည့်မည်ဖြစ်ရာ ထိုရက်မတိုင်မီ သတိပေးချက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့အတူ မော်စကိုမြို့အနီး ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် မဟာမိတ်တစ်ဦး၏ သမီးဖြစ်သူ Darya Dugina သေဆုံးခဲ့ပြီးနောက် အမေရိကန်က ယခုကဲ့သို့ သတိပေးလာခြင်းလည်း ဖြစ်သည်။

ရုရှားက ထိုကားဗုံးပေါက်ကွဲမှုမှာ ယူကရိန်းအေးဂျင့်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ယူကရိန်းဘက်ကမူ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ 

ထိုအတောအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကလည်း ရုရှားက ဩဂုတ်လ (၂၄) ရက် ယူကရိန်းလွတ်လပ်ရေး နှစ်ပတ်လည်နေ့တွင် တစ်စုံတစ်ရာ ကြိုးပမ်းနိုင်ကြောင်း ပြောထားသည်။ 

လွတ်လပ်ရေးနေ့တွင် တိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်မည်ဟုလည်း သမ္မတဇီလန်းစကီးက ဆိုသည်။

Source: Reuters