ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် Kherson နယ်မြေတွင် ရုရှားတပ်ဖွဲ့များ ပြန်ဆုတ်ခွာနေရ

ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် Kherson နယ်မြေတွင် ရုရှားတပ်ဖွဲ့များ ပြန်ဆုတ်ခွာနေရ
အောက်တိုဘာ 20, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ပထမဆုံး သိမ်းပိုက်ထားခဲ့သည့် Kherson မြို့ကို ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှု အရှိန်မြင့်လာရာ ဒေသခံများကို ရွှေ့ပြောင်းပေးနေကြောင်း ရုရှားခန့်အပ်ထားသည့် ဒေသဆိုင်ရာခေါင်းဆောင်က ပြောသည်။ 

လာမည့် (၆) ရက်အတွင်း လူ (၅၀,၀၀၀) မှ (၆၀,၀၀၀) အထိ ရွှေ့ပြောင်းရန် စီစဥ်ထားကြောင်း ၎င်းကဆိုသည်။

ယူကရိန်းရှိ ရုရှားတပ်ဖွဲ့များ၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး Sergei Surovikin ကလည်း ယူကရိန်းတောင်ပိုင်းရှိ Kherson မြို့တွင် အခြေအနေ အလွန်ခက်ခဲနေကြောင်းနှင့် ဒေသခံများကို ရွှေ့ပြောင်းပေးသွားမည်ဟု ဝန်ခံခဲ့သည်။ 

ယူကရိန်းတပ်ဖွဲ့များက မြို့၏ အခြေခံအဆောက်အအုံနှင့် လူနေအိမ်များကို Himars ဒုံးကျည်များသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။

Kherson မြို့မှ အရပ်သားများကို Dnipro မြစ် ဘက်ဘက်ကမ်းသို့ ရွှေ့ပြောင်းပေးနေကြောင်း ရုရှားခန့်အပ်ထားသည့် Kherson နယ်မြေခေါင်းဆောင် Vladimir Saldo က ဆိုသည်။ 

ခန့်မှန်းခြေအားဖြင့် လာမည့် (၆) ရက်အတွင်း တစ်ရက်လျှင် လူ (၁၀,၀၀၀) ကို Kherson မှ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံရှိ နယ်မြေအချို့တွင် အဆိုပါ ရွှေ့ပြောင်းလာသူများကို လက်ခံရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် (၂) ရက်အတွင်း Kherson နယ်မြေမှ လူ (၅,၀၀၀) ကျော် ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်းလည်း Saldo က ရုရှားအစိုရး ရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။ 

Kherson နယ်မြေရှိ ရုရှားတပ်ဖွဲ့များမှာ ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း (၁၉) မိုင်အထိ နောက်သို့ ပြန်ဆုတ်ခွာခဲ့ကြရသည်။

Kherson နယ်မြေမှာ ရုရှားက သိမ်းပိုက်လိုက်ပြီဖြစ်သည့် ရုရှားပိုင် နယ်မြေများဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က စက်တင်ဘာလအတွင်း ကြေညာခဲ့သော နယ်မြေ (၄) ခုအနက် ပါဝင်သည်။ 

ထပ်မံသိရှိရသော သတင်းများအရ ရုရှားသိမ်းပိုက်လိုက်သည့် နယ်မြေများအဖြစ် ကြေညာထားသော Luhansk, Donetsk, Zaporizhzhia နှင့် Kherson တို့ကို ပူတင်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း သိရသည်။

Source: Reuters, BBC

Photo: REUTERS/Alexander Ermochenko, REUTERS/Valentyn Ogirenko, REUTERS/Clodagh Kilcoyne,