TikTok က လာမည့် နှစ်အနည်းငယ်အတွင်း အ‌ရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်

TikTok က လာမည့် နှစ်အနည်းငယ်အတွင်း အ‌ရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်
By Mr John

 တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ထားသော TikTok အနေဖြင့် လာမည့် နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှ၌ ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ 

၎င်း၏ အချက်အလက် လုံခြုံရေးနှင့် ပတ်သက်၍ ကမ္ဘာတဝန်း စစ်ဆေးမှု ပြင်းထန်လာချိန်တွင် TikTok က အရှေ့တောင်အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံလည်း ပါဝင်သည့် အရှေ့တောင်အာရှဒေသတွင် လူဦးရေ (၆၃၀) သန်းရှိပြီး ထက်ဝက်မှာ အသက် (၃၀) နှစ်အောက်များ ဖြစ်သည်။ 

အရှေ့တောင်အာရှမှာ  အသုံးပြုသူအရေ အတွက်အရ TikTok ၏ အကြီးမားဆုံး ဈေးကွက်များအနက်မှ တစ်ခုဖြစ်ပြီး လစဥ် အသုံးပြုသူ (၃၂၅) သန်းရှိကြောင်း သိရသည်။ 

သို့သော် TikTok အနေဖြင့် ဒေသတွင်းရှိ များပြားလှသော အသုံးပြုသူများကို အဓိက အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဝင်ငွေရင်းမြစ်အဖြစ် အကောင်အထည်မဖော်ရသေးဘဲ ပိုမိုကြီးမားသော ပြိုင်ဘက်များဖြစ်သည့် Shopee, Lazada နှင့် Tokopedia တို့ထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရသည်။

"ကျနော်တို့ လာမယ့် နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံသွားပါမယ်" ဟု TikTok စီအီးအို Shou Zi Chew က ဂျကာတာမြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့က ကျင်းပပြုလုပ်သည့် ဖိုရမ်တစ်ခုတွင် ပြောသည်။ 

TikTok က ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အသေးစိတ်ကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိဟု ဆိုသည်။

TikTok က အရှေ့တောင်အာရှတွင် ဝန်ထမ်း (၈,၀၀၀) ရှိပြီး ဒေသတွင်း စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အသေးစား ဈေးသည် (၂) သန်းက ၎င်းတို့၏ ရောင်းကုန်ပစ္စည်းများကို TikTok ပေါ်တွင် ရောင်းချနေကြကြောင်း သိရသည်။

 ၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှဒေသတွင်း TikTok ပေါ်မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄.၄) ဘီလီယံရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က ဒေါ်လာ သန်း (၆၀၀) ကနေ မြင့်တက်လာခဲ့သည်။

 

Source: Reuters, CNN