တာချီလိတ် မီးလင်းရေးထံ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ကြားခံရောင်းချပေးနေသည့်  Myanmar Allure Group ၏ မန်းနေးဂျင်းဒါရိုက်တာ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်အား ငွေကြေးခဝါချမှု အပါအဝင် မူးယစ်ဆေးရောင်းချမှုတို့ဖြင့်  ထိုင်းနိုင်ငံက ဖမ်းဆီးထား

တာချီလိတ် မီးလင်းရေးထံ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ကြားခံရောင်းချပေးနေသည့်  Myanmar Allure Group ၏ မန်းနေးဂျင်းဒါရိုက်တာ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်အား ငွေကြေးခဝါချမှု အပါအဝင် မူးယစ်ဆေးရောင်းချမှုတို့ဖြင့်  ထိုင်းနိုင်ငံက ဖမ်းဆီးထား
စက်တင်ဘာ 22, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မြို့မီးလင်းရေးကော်မတီထံ ထိုင်းလျှပ်စစ်ဓါတ်အားကို တစ်ဆင့်ခံရောင်းချပေးနေပြီး ကာစီနိုလောင်းကစားလုပ်ငန်းပါလုပ်ကိုင်နေသည့် Allure Group မှတဆင့် ငွေကြေးခဝါချမှု အပါအဝင် မူးယစ်ဆေးရောင်းချငွေများကို ငွေကြေးခဝါချမှုတို့ဖြင့် မြန်မာခရိုနီလက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား (၃)ဦးနှင့်အတူ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက  ဖမ်းဆီးထားသည်ဟု သိရသည်။

အာဏာသိမ်းမြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် မြန်မာလုပ်ငန်းရှင်သူဌေးတစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်များက စက်တင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ 

"တရားရုံးကြားနာစစ်ဆေးမှု မတိုင်ခင် သူတို့ကို ထိန်းသိမ်းထားဖို့ တရားရုံးကို တင်ပြတောင်းခံထားပါတယ်" ဟု ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Kissana Phathanacharoen က Reuters သတင်းဌာနကို ပြောကြားထားသည်။

ဖမ်းဆီးခံထားရသည့် ထွန်းမင်းလတ်သည် ဟိုတယ်၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာစစ်တပ်အသိုင်းအဝိုင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ကာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းကိစ္စအပါအဝင် အကူအညီများပေးနေသူဖြစ်ကြောင်း သိရသည်။

ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံထားရသည့် ထွန်းမင်းလတ်သည်  စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား တာချီလိတ်ဘက်သို့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ရခဲ့သည့်  Myanmar Allure Group Co.,Ltd တွင် မန်းနေးဂျင်းဒါရိုက်တာအဖြစ် ပါဝင်သူလည်းဖြစ်သည်။

ထိုင်းနိုင်ငံမှ Allure ကုမ္ပဏီက စစ်အစိုးရလက်ထက် ၂၀၀၈ ကတည်းက နယ်စပ်မြို့ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးရာတွင်  Myanmar Allure group အနေဖြင့် ထိုင်းလျှပ်စစ်ကို တစ်ယူနစ်လျှင် တစ်ဘတ်နှုန်းအမြတ်ယူပြီး တာချီလိတ်ဘက်ရှိ မီးလင်းရေးကော်မတီထံ ရောင်းချကာ မီးလင်းရေးကော်မတီက မြို့လူထုထံ တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။

ထွန်းမင်းလတ် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် Myanmar Allure Group Co.,Ltd. သည် လက်ရှိ စစ်ထောက်ချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း တာချီလိတ်စစ်ဗျူဟာမှူးအဖြစ် တာဝန်ယူသည့် ၂၀၁၄ ခုနှစ်တွင် ထိုင်းလျှပ်စစ်ဓါတ်အား တိုးမြှင့်ရောင်းချခြင်းဆိုင်ရာသဘောတူစာချုပ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ရှိစဉ်က ကျပ်သိန်း ၅၀၀ မတည်ကာ ဖွဲ့ပေးထားခဲ့ကာ ခေတ်အဆက်ဆက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူကြကာ စစ်ဗျူဟာမှူးအဆက်ဆက် နာယကတာဝန်ယူကြသည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီထံ ထိုင်းဘတ်ငွေ (၇)သိန်းကိုလည်း လှူဒါန်းခဲ့သည်။

မြန်မာစစ်တပ်နှင့်နီးစပ်သည့်ဆက်ဆံရေးရှိသည့် Allure ကုမ္ပဏီသည် တာချီလိတ်မြို့ရှိ စစ်တပ်ပိုင်မြေတွင် ကာစီနိုလောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားသူများတွင်ပါဝင်ပြီး တာချီလိတ်မြို့ရှိ နယ်စပ်ချောင်းဘေး စစ်တပ်ပိုင်မြေပေါ်တွင် Allure Hotel အမည်ဖြင့် ကာစီနိုလောင်းကစားလုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ထွန်းမင်းလတ်သည် Allure ကုမ္ပဏီနှင့် Star Sapphire Group တို့မှတစ်ဆင့် သတ္တုတူးဖေါ်ရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်အပါအဝင် စစ်အုပ်စုနှင့် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်အလုပ်လုပ်ကိုင်သူဟု Justice For Myanmar က ထုတ်ဖေါ်ရေးသားထားပြီး ၎င်းသည် အာဏာသိမ်းစစ်တပ်အတွက် မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနှင့် တရုတ်နိုင်ငံတို့မှ လက်နက်များဝယ်ယူပေးနေသည့် လက်နက်ပွဲစားဖြစ်သည်ဟု ဖေါ်ထုတ်ရေးသားထားသည်ကိုလည်း တွေ့ရသည်။

Justice For Myanmar ၏ အဆိုအရ ထွန်းမင်းလတ်သည် Myanmar Business Consultant Group Ltd  တွင် ဒါရိုက်တာ၊  ရှယ်ယာရှင်တစ်ဦးအနေဖြင့် မဟုတ်တော့ဘဲ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group ဖြင့် ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးရှိ စစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားသည့် စက်ရုံမြေတွင် လုပ်ကိုင်နေသည့် LNG စီမံကိန်း နှစ်ခုတွင်လည်း ပါဝင်နေသည်ဟု သိရသည်။

ယင်းကဲ့သို့ မြန်မာစစ်တပ်နှင့် နက်ရှိုင်းစွာဆက်စပ်မှုအပြင် လူမျိုးတုန်းသတ်ဖြတ်မှုများဖြင့် စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်ပွဲစားလုပ်ခြင်းများကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လ၂၄ ရက်နေ့တွင် ထွန်းမင်းလတ်၏  Star Sapphire Group ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားခြင်းဖြစ်သည်။

ထွန်းမင်းလတ်သည် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်လက်နက်ပစ္စည်းပြပွဲတစ်ခုတွင် လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ သွားရောက်ခဲ့ပြီး  မြန်မာစစ်တပ်မှ အငြိမ်းစားဒုဗိုလ်မှူးကြီး ခင်မောင်လတ်၏ သားဖြစ်သူ ထွန်းမင်းလတ်က ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှနေ၍ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ (၇၁,၅၀၀) လှူဒါန်းခဲ့သည်ဟုလည်း ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ၏ မှတ်တမ်းတစ်ခုတွင် ဖေါ်ပြထားသည်။

လက်ရှိတွင် ဘန်ကောက်၌ ဖမ်းဆီးခံထားရသည့် ထွန်းမင်းလတ်နှင့် ထိုင်းနိုင်ငံသား (၃)ဦးထံမှ ဘတ်ငွေ သန်း (၂၀၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများ သိမ်းဆည်းထားပြီး နောက်ထပ် သက်သေအထောက်အထားနှင့် ဆက်စပ်သူများကို စုံစမ်းစစ်ဆေးရန်အတွက် ၎င်းတို့ (၄)ဦးအား ဆက်လက်ထိန်းသိမ်းထားခွင့် တင်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြားသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီကို ခရိုင်အုပ်ချုပ်ရေးမှူးအဆက်ဆက်က ဥက္ကဌအဖြစ် တာဝန်ယူကာ မြို့တွင်းလျှပ်စစ်ဖြန့်ဖြူးရေးမှ ရရှိသည့်အမြတ်ငွေအား ဥက္ကဌတစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှ သုံးစွဲနေခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် NLD အစိုးရလက်ထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားချက်အရ   နိုင်ငံ့ဝန်ထမ်းများမပါဘဲ ဒေသခံအရပ်သားအဖွဲ့အစည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ဆုံးဖြတ်ကြခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် တာချီလိတ်မြို့မီးလင်းရေးကော်မတီကို မြို့မိမြို့ဖလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် စစ်ထောက်လှမ်းရေးဟောင်းတစ်ဦးက ဥက္ကဌအဖြစ် တာဝန်ယူပြီး ကော်မတီသစ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်းက အရပ်သားကော်မတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency