ဖလမ်းသို့တက်လာသည့် စစ်ကောင်စီတပ်ကို  CNDF က ၈ ရက်ကြာတိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဖလမ်းသို့တက်လာသည့် စစ်ကောင်စီတပ်ကို  CNDF က ၈ ရက်ကြာတိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
By Tachileik News Agency

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ၂၀၂၃ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၈)ရက်ကြာ တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းအချို့ကို ရရှိထားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ချင်းပြည်နယ် ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာရာတလျှောက်တွင် ရောက်သည့်နေရာမှ ဒေသခံများ၏ ပစ္စည်းများ ယူခြင်း၊ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းများ လုပ်ဆောင်သဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လမ်းတလျှောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီတပ်အား လမ်းတလျှောက် မိုင်းဆွဲတိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်၏ ၁၂ ဘီးကားတစ်စီးပျက်စီး၍ လမ်းတွင်ထားခဲ့ရပြီး ထိခိုက်သေဆုံးများလည်းရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ်လ ၁၂ ရက်တွင် ဗားလုံကျေးရွာအကျော်တွင် CNDF ထောင်ထားသည့် တိုက်မိုင်းမိကာ ထိခိုက် သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

(၈)ရက်ကြာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ကျည်တောင့် (၁၀၀)ကျော်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ အီနာဂါ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှုအတွင်း အချို့နေရာများတွင် CNDF နှင့်အတူ CNA၊ CDF-Hualngoram တို့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖလမ်း-ဟားခါးလမ်းမကြီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟု မတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။