ဆန်ဈေးနှုန်းတည်ငြိမ်စေရန်ဟုဆိုကာ ဆန်ကုန်သည်များအသင်းက ဆန်တစ်အိတ် ငွေကျပ်တစ်သိန်းနှစ်သောင်းဖြင့်ရောင်း

ဆန်ဈေးနှုန်းတည်ငြိမ်စေရန်ဟုဆိုကာ ဆန်ကုန်သည်များအသင်းက ဆန်တစ်အိတ် ငွေကျပ်တစ်သိန်းနှစ်သောင်းဖြင့်ရောင်း

ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ဟုဆိုကာ ဆန်၊ စပါးကုန်သည်များအသင်းက ရန်ကုန်မြို့တွင် ဆန်ချော တစ်အိတ်လျှင် ငွေကျပ်(၁၁၀,၀၀၀)မှ (၁၂၀,၀၀၀)ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဆန်ဈေးတည်ငြိမ်စေရန် ဆန်၊ စပါးကုန်သည်များအသင်းနှင့် Exporterကုမ္ပဏီများက ဩဂုတ်လ (၇)ရက်နေ့ကစတင်ကာ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်တို့တွင် ရောင်းချသွားမည်ဟုဆိုသည်။

ရောင်းချမည့်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး(၁၀၈ ပေါင်တစ်အိတ်)လျှင် ငွေကျပ်( ၁၁၀,၀၀၀)မှ (၁၂၀,၀၀၀)၊ ဧရာဝတီပေါ်ဆန်းမွှေး(၁၀၈ ပေါင်တစ်အိတ်)လျှင် ငွေကျပ်(၉၄,၀၀၀)ကျပ်မှ (၉၇,၀၀၀)ကျပ်၊ ဧည့်မထ(၁၀ ရာခိုင်နှုန်း)စားဆန်များ (၁၀၈ ပေါင်တစ်အိတ်)လျှင် ငွေကျပ်(၆၅,၀၀၀)ကျပ်၊ ဧည့်မထ(၂၅ ရာခိုင်နှုန်း) စားဆန်(၁၀၈ ပေါင်တစ်အိတ်)လျှင် ငွေကျပ်(၆၀,၀၀၀)ကျပ်ဖြင့် ရောင်းချပေးသွား မည်ဟုဆိုသည်။

ဝယ်ယူလိုသူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တင်ပြပြီး ကတ်ပြားတစ်ခုလျှင် တစ်လအတွင်း ပေါ်ဆန်းအမျိုးအစား တစ်အိတ်နှင့် ဧည့်မထအမျိုးအစား တစ်အိတ်ကို လွတ်လပ်စွာဝယ်ယူနိုင်သည်ဟု ဖော်ပြထားသည်။

“အောက်ခြေလူတန်းစားတွေက အခုကာလမှာအခက်အခဲဖြစ်နေတာလေ။ သူတို့မှာ နိုင်ငံစိစစ်ရေးကတ်က လူတိုင်းရှိမှာမှမဟုတ်တာ။ နောက်ပြီးတော့ ဆန်ချောတစ်အိတ်ကို ငွေ(၁၂၀,၀၀၀)တဲ့ တခြား မြို့နယ်ကလာဝယ်တဲ့သူက ဝယ်ပြီးဆန်အိတ်ထမ်းပြန်ရမှာလား။ ကားခက တစ်သောင်းလောက်ကုန်နေပြီ။ အဲဒီမှာတင် တစ်သိန်းခွဲပတ်ချာလည်ဖြစ်သွားပြီ။ ပြင်ပပေါက်ဈေးနဲ့ အတူတူလောက်ပြန်ဖြစ်နေပြီလေ။”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဆန်ချောတစ်အိတ်လျှင် စားသုံးသူလက်ထဲအရောက် ငွေကျပ်တစ် သိန်းခွဲဝန်းကျင်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် စားသုံးသူလက်ထဲအရောက် ငွေကျပ်(၉)သောင်းဝန်းကျင် အထိဈေးရှိနေခြင်းဖြစ်သည်။

ဆန်ကုန်သည်များအသင်းကမူ ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများမှ တင်ပြစာများဖြင့် [email protected]သို့ ပေးပို့ဆက်သွယ် ဝယ်ယူနိုင်သည်ဟု ပါရှိသော်လည်း နယ်မြို့များအတွက် မည်သည့်နေရာတွင် ဝယ်ယူရမည်ဟု မပါရှိပေ။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆန်၊ စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီများသည် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ဟုဆိုကာ ဆန်အိတ်ရေ(၅၀,၀၀၀)ကို ထုတ်ရောင်းမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

#TachileikNewsAgency