Covid-19  ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အ‌ခြေအနေအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း WHO ပြော

WHO အကြီးအကဲ Tedros Adhanom Ghebreyesus [ Photo: The Star ]
WHO အကြီးအကဲ Tedros Adhanom Ghebreyesus [ Photo: The Star ]
Covid-19  ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အ‌ခြေအနေအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း WHO ပြော
ဖေဖော်ဝါရီ 1, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အ‌ခြေအနေအဖြစ် ဆက်လက် သတ်မှတ်ထားဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောကြားခဲ့သည်။ 



WHO ၏ International Health Regulations Emergency Committee က COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် (၁၄) ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးခဲ့ကြပြီး  ဇန်နဝါရီလ (၃၀) ရက်နေ့တွင်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ 

ထိုအစည်းအဝေးတွင် COIVD-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ် ကြေညာထားမှု ဆက်လက်ထားရှိရန် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သဘောတူညီခဲ့သည်။

သို့သော် ကပ်ရောဂါမှာ အကူးအပြောင်းအဆင့်သို့ ရောက်ရှိနေပြီဟု WHO က အသိအမှတ်ပြုခဲ့သည်။

ဇန်နဝါရီလ (၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ PHEIC ကြေညာထားမှု ရုပ်သိမ်းပြီးနောက် ကမ္ဘာတဝန်းနှင့် နိုင်ငံများအလိုက် COVID-19 ကို အာရုံစိုက်မှု ဆက်လက် ထိန်းထားရန် အခြားနည်းလမ်းများကို အကြံပေးကော်မတီက WHO ထံ အဆိုပြုခဲ့ကြောင်းလည်း သိရသည်။ 

ပိုမိုများပြားသော လူဦးရေက ကာကွယ်ဆေးကြောင့် သို့မဟုတ် ကူးစက်ခံရမှုမှတစ်ဆင့် ကိုယ်ခံစွမ်းအား ရရှိထားကြပြီဖြစ်ရာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်မှုနှင့် သေဆုံးမှုကို အကန့်အသတ် ဖြစ်စေနိုင်သည်ဟု ဆိုသည်။

သို့သော် ထိုဗိုင်းရပ်စ်က လူသားများနှင့် တိရိစ္ဆာန်များတွင် အမြဲတည်ရှိနေသည့် ရောဂါပိုးအဖြစ် ဆက်ရှိနေမည်ကို သံသယ အနည်းငယ်ရှိကြောင်း ကော်မတီက ပြောသည်။ 

ထို့ကြောင့် ရေရှည် အများပြည်သူ ကျန်းမာရေးဆောင်ရွက်မှုမှာ အလွန်အရေးကြီးကြောင်းလည်း WHO ၏ အကြံပေးကော်မတီက ဆိုသည်။ 

COVID-19 ဗိုင်းရပ်စ်ကို လူသားများနှင့် တိရိစ္ဆာန်များထံမှ ဖယ်ထုတ်ပစ်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်မှု သေဆုံးမှုကို လျော့နည်းစေရန် ဆောင်ရွက်နိုင်ကြောင်းနှင့် ထိုသို့ဆောင်ရွက်မှုကို ဦးစားပေး ရည်မှန်းချက်တစ်ရပ်အဖြစ် ဆက်လက် လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။



WHO က COVID-19 ကို အများပြည်သူဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကြေညာခဲ့သည်။ 

COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ယခင် (၃) နှစ်ကထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လာနိုင်ခဲ့သည့်တိုင် လွန်ခဲ့သည့် သီတင်းပတ် (၈) ပတ်အတွင်း ထိုရောဂါကြောင့် ကမ္ဘာတဝန်း လူ (၁၇၀,၀၀၀) ကျော် သေဆုံးခဲ့သည်ဟု WHO အကြီးအကဲက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောခဲ့သည်။

Source: CNN