နှစ်ပေါင်း (၇၄) နှစ်အတွင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ဝင်ရောက် လည်ပတ်ခွင့်ပြု

နှစ်ပေါင်း (၇၄) နှစ်အတွင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ဝင်ရောက် လည်ပတ်ခွင့်ပြု
By Mr John

နှစ်ပေါင်း (၇၄) နှစ်အတွင်း တောင်ကိုရီးယားသမ္မတအိမ်ပြာတော်ကို ပထမဆုံးအကြိမ် အများပြည်သူ ဝင်ရောက်လည်ပတ်ခွင့်ပြု

ဆိုးလ်မြို့တော်ရှိ သမ္မတနန်းတော်ဟောင်းမှာ တောင်ကိုရီးယားနိုင်ငံသား အများအပြားအတွက် တောင်တန်းနံဘေးတွင်တည်ရှိပြီး လာရောက်ခွင့်ရသူ နည်းပါးသော လုံခြုံရေးထူထပ်လှသည့် အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ထိုအခြေအနေက ပြောင်းလဲသွားပြီဖြစ်ကာ ထောင်နှင့်ချီသည့် လာရောက်လည်ပတ်သူများကို ထိုအဆောက်အအုံထဲသို့ နှစ်ပေါင်း (၇၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ကြည့်ရှုခွင့်ပြုလိုက်ပြီ ဖြစ်သည်။



တောင်ကိုရီးယားသမ္မတသစ် Yoon Suk Yeol က ထူးခြားသေ ာအပြာရောင်အမိုးများကို အစွဲပြုကာ အိမ်ပြာတော်ဟု ခေါ်ဝေါ်ကြသည့် အဆိုပါ သမ္မတရုံးအဆောက်အအုံတွင် ရုံးမထိုင်ဘဲ ရွှေ့ပြောင်းသွားခဲ့ရာ အိမ်ပြာတော်ကို အများပြည်သူ လာရောက်လည်ပတ် ကြည့်ရှုခွင့်ပြုလိုက်ကြောင်း သိရသည်။

အိမ်ပြာတော်သို့ တစ်ရက်လျှင် အများဆုံး လူဦးရေ (၃၉,၀၀၀) လာရောက်လည်ပတ်ခွင့်ပြုထားသည်။



ပုံမှန်အားဖြင့် အရေးကြီး အိမ်ခြံဝင်းဖြစ်ခဲ့သည့် အိမ်ပြာတော်ကို လည်ပတ်ကြည့်ရှုစရာနေရာအဖြစ် ပြောင်းလဲလိုက်ရာ စိတ်လှုပ်ရှားနေသည့် လူအုပ်စုများက ပတ်ဝန်းကျင်ကိုကြည့်ရင်း အိမ်ပြာတော်ထဲသို့ ဝင်ရောက်ရန် ရှည်လျားစွာ တန်းစီစောင့်ဆိုင်းနေကြသည်။

"အိမ်ပြာတော်ကို အများပြည်သူအတွက် ဖွင့်ပေးလိုက်တာက ကျေးဇူးတင်စရာလို့ ထင်ပါတယ်။ ဒီနေရာကိုလာရတာ တကယ်ပျော်ပါတယ်" ဟု အသက် (၆၁) နှစ်အရွယ် ရုံးဝန်ထမ်း Lee Sang Woon က မိသားစုနှင့်အတူ လာရောက်လည်ပတ်စဥ် ပြောခဲ့သည်။ 

တောင်ကိုရီးယားသမ္မတအိမ်ပြာတော်ကို နှစ်ကာလများတစ်လျှောက် ပြောင်းလဲမှုများ အဆင့်ဆင့် လုပ်ဆောင်ခဲ့သည်။

တစ်ချိန်က တော်ဝင်ဥယျာဥ်နေရာဖြစ်ခဲ့ပြီး ဂျပန်က ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့စဥ်အတွင်း ၎င်းတို့၏ အုပ်ချုပ်ရေးမှူးများ၏ အစိုးရနေအိမ်အဖြစ် တည်ဆောက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်စစ်ဗိုလ်ချုပ်က အိမ်ပြာတော်တွင် နေရာယူခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံအဖြစ်တည်ထောင်ခဲ့ရာ တောင်ကိုရီးယား၏ တရားဝင် သမ္မတရုံးနှင့် နေအိမ်ဖြစ်လာခဲ့သည်။

အိမ်ပြာတော်မှာ မနေချင်တဲ့ တောင်ကိုရီးယားသမ္မတသစ်  Yoon Suk Yeol



အိမ်ပြာတော်တွင် တောင်ကိုရီးယားသမ္မတများ အစဥ်အဆက် ရုံးထိုင်ခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတသစ်ဖြစ်လာသူ Yoon Suk Yeol က ထိုနေရာတွင် ရုံးမထိုင်တော့ဘဲ ၎င်း၏ရုံးခန်းကို အိမ်ပြာတော်နှင့် (၃) မိုင်ခန့် ဝေးကွာသည့် ကာကွယ်ရေးဝန်ကြီးဌာနဝင်းတွင် ရွှေ့ပြောင်းခဲ့သည်။

လုံခြုံရေးဆိုင်ရာ ကွပ်ကဲရေးဌာနများ ရှိနေပြီးဖြစ်တာကြောင့် ကာကွယ်ရေးဝန်ကြီးဌာဝင်းတွင် ရုံးထိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။



တောင်ကိုရီးယားသမ္မတသစ် Yoon Suk Yeol က အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်ကဲ့သို့ အဆောက်အအုံတစ်ခု တည်ဆောက်ရန် ရည်မှန်းထားပြီး နိုင်ငံသားများအနေဖြင့် ခြံစည်းရိုးအပြင်ဘက်ကနေ သမ္မတရုံးအဆောက်အအုံကို အနီးကပ် ကြည်ရှုခွင့်ရစေမည်ဟု ပြောသည်။

သမ္မတရုံးခန်းသစ်က ပြည်သူလူထုနှင့် ဆက်သွယ်ရေးတွင် ပိုမိုကောင်းမွန်စေမည်ဟု Yoon Suk Yeol က ဆိုသည်။



Source: AFP

Photo: AP Photo/Ahn Young-joon