အမေရိကန်တွင်ပြုလုပ်သည့် လေကြောင်းပြပွဲအတွင်း ဒုတိယကမ္ဘာစစ်ကာလ လေယာဥ် (၂) စီး လေထဲတွင်တိုက်မိပြီး ပျက်ကျ

အမေရိကန်တွင်ပြုလုပ်သည့် လေကြောင်းပြပွဲအတွင်း ဒုတိယကမ္ဘာစစ်ကာလ လေယာဥ် (၂) စီး လေထဲတွင်တိုက်မိပြီး ပျက်ကျ
နိုဝင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် နိုဝင်ဘာလ (၁၂) ရက်နေ့က ပြုလုပ်ခဲ့သည့် လေကြောင်းပြပွဲတစ်ခုအတွင်း ဒုတိယကမ္ဘာစစ်ကာလမှ ခေတ်ဟောင်းလေယာဥ် (၂) စီး လေထဲတွင် တိုက်မိပြီး ပျက်ကျခဲ့ကြောင်း သိရသည်။ 

လေယာဥ် (၂) စီးမှာ အနိမ့်ပျံသန်းနေစဥ် တိုက်မိခဲ့ကြရာ လေယာဥ်တစ်စီး ထက်ပိုင်းကျိုးသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။ 

လေယာဥ်ချင်းတိုက်မိပြီးနောက် ပျက်ကျခဲ့သည့် မြေပြင်နေရာမှ မီးလုံးကြီးတစ်ခု ထွက်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။

တိုက်မိခဲ့သည့် လေယာဥ် (၂) စီးမှာ ဒါးလက်စ်မြို့အနီး ပြုလုပ်ခဲ့သည့် Veterans Day အထိမ်းအမှတ် လေကြောင်းပြပွဲတွင် ပါဝင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး Boeing B-17 Flying Fortress နှင့် Bell P-63 Kingcobra အမျိုးအစား လေယာဥ်များဖြစ်ကြောင်း သိရသည်။ 

ထိုလေယာဥ် (၂) စီးပေါ်တွင် လူဦးရေမည်မျှ ပါရှိကြောင်း သို့မဟုတ် အသက်ရှင်သူရှိ မရှိ လတ်တလော အတိအကျ မသိရသေးဟု BBC သတင်းက နိုဝင်ဘာလ (၁၃) ရက် နံနက်ပိုင်းတွင် ဖော်ပြသည်။ 

The New York Times သတင်းတွင်မူ လေယာဥ် (၂) စီးတွင် အများဆုံး လူ (၆) ဦး ပါရှိနိုင်ပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကို အတည်မပြုသေးဟု ပြောသည်။

 Federal Aviation Administration က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ 

Veterans Day အထိမ်းအမှတ် လေကြောင်းပြပွဲကို နိုဝင်ဘာလ (၁၁) ရက်နေ့မှစ၍ (၃) ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသူ (၄,၀၀၀) နှင့် (၆,၀၀၀) ကြားရှိကြောင်း သိရသည်။ 

လေထဲတွင် တိုက်မိပြီး ပျက်ကျခဲ့သည့် လေယာဥ် (၂) စီးအနက် B-17 တွင် ပုံမှန်အားဖြင့် လူ (၄) ဦးမှ (၅) ဦး လိုက်ပါလေ့ရှိပြီး P-63 တွင် လေယာဥ်မှူးတစ်ဦးသာ ပါရှိကြောင်း လေကြောင်းပြပွဲစီစဥ်သည့် Commemorative Air Force မှ Hank Coats က ပြောသည်။

Source: NY Times, BBC

Photo : LM Otero/AP