စပိန်နိုင်ငံတွင် မေလအတွင်း စံချိန်တင် အပူလှိုင်း ကြုံတွေ့နေရ

စပိန်နိုင်ငံတွင် မေလအတွင်း စံချိန်တင် အပူလှိုင်း ကြုံတွေ့နေရ
By Mr John

စပိန်နိုင်ငံ၏ နေရာဒေသများတွင် မေလအတွက် စံချိန်တင် အပူလှိုင်းတစ်ခု ကြုံတွေ့နေရပြီး မြို့တစ်မြို့တွင် အပူချိန် (၄၀.၃) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း စပိန်မိုးလေဝသဌာန AEMET က ထုတ်ပြန်သည်။

မေလ (၂၂) ရက် မွန်းလွဲပိုင်းတွင် မိုးလေဝသဌာနက စပိန်နေရာဒေသ (၁၇) ခုတွင် အပူချိန်များ မြင့်တက်မှုကို သတိပေးခဲ့သည်။

မေလ (၂၁) ရက်နေ့က စပိန်တောင်ပိုင်းတွင် အပူလှိုင်းကျရောက်ခဲ့ရာ ဒေသခံများက ပန်ကာများသုံးခြင်း၊ ရေဖြန်းပက်ခြင်းနှင့် ရေပန်းများတွင် ကိုယ့်ကိုယ်ကိုယ် ရေစိုစွတ်အောင်လုပ်ခြင်းတို့ဖြင့် အပူဒဏ်သက်သာရန် ကြိုးပမ်းခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြသည်။



မေလ (၂၀) ရက်နေ့က စပိန်တောင်ပိုင်းရှိ Jaén in Andalucía မြို့တွင် အပူချိန် (၄၀.၃) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုမြို့၏ အပူချိန်မှာ နှစ်တစ်နှစ်၏ ယခုအချိန်ကာလအတွက် ပျမ်းမျှအပူချိန်ထက် (၁၆) ဒီဂရီဆဲလ်စီးယပ်အထိ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု စပိန်မိုးလေဝသဌာနက Twitter တွင် ပြောထားသည်။

ကျန်ရှိသည့် စပိန်နေရာဒေသများတွင်လည်း အပူချိန်များမှာ ပျမ်းမျှထက် (၇) ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့ကြောင်း နှင့် စပိန်အလယ်ပိုင်းနှင့် တောင်ပိုင်း နေရာဒေသ အတော်များများတွင် မေလ (၂၁) ရက်နေ့ နံနက်ပိုင်းအချိန်က ထူးခြားစွာ ပူအချိန်သိသာစေခဲ့ကြောင်းလည်း  AEMET က ဆိုသည်။



"ဒီဖြစ်စဥ်က မေလလယ်အတွက် အလွန်ပုံမှန် မဟုတ်တာမျိုးပါ။ ပြီးခဲ့တဲ့ နှစ် (၂၀) အတွင်း အပြင်းထန်ဆုံး ရာသီဥတုဖြစ်စဥ်တွေအနက် တစ်ခုဖြစ်နိုင်တယ်" ဟု AEMET ပြောခွင့်ရပုဂ္ဂိုလ် Ruben del Campo က ပြောသည်။



နေရာအများအပြားတွင် နံနက်ပိုင်း အပူချိန်များ (၂၅) ဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းခဲ့ခြင်း မရှိကြောင်းနှင့် ထိုအပူချိန်မျိုးကို စပိန်တွင် အထူးသဖြင့် မေလအတွင်း မကြုံခဲ့ဖူးကြောင်း သိရသည်။

AEMET ၏ အဆိုအရ Segovia မြို့တွင် မေလအတွင်း ပထမဆုံးအကြိမ် ပူနွေးသည့် ညကို ကြုံခဲ့ရကြောင်းနှင့် ထိုမြို့၏ ညအပူချိန်မှာ (၂၀) ဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းခဲ့ခြင်းမရှိဟုဆိုသည်။

လတ်တလောတွင် အိန္ဒိယ၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံ၏ နေရာဒေသများအပါအဝင် ကမ္ဘာတဝန်း နိုင်ငံများ၌ ပြင်းထန်သည့်အပူလှိုင်း ကြုံတွေ့နေကြကြောင်း သိရသည်။



Source: CNN, Reuters