ထိုင်းနိုင်ငံသို့ တရုတ်မှ COVID 19 ကာကွယ်ဆေးများ ဖေဖေါ်ဝါရီလတွင် ပထမအသုတ်အဖြစ် စတင်ရောက်ရှိမည်

ထိုင်းနိုင်ငံသို့ တရုတ်မှ COVID 19 ကာကွယ်ဆေးများ ဖေဖေါ်ဝါရီလတွင် ပထမအသုတ်အဖြစ် စတင်ရောက်ရှိမည်
ဇန်နဝါရီ 4, 2021 | Covid-19| နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံ Sinovac Biotech Ltd မှ COVID 19 ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း ပထမအသုတ်အနေဖြင့် ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ COVID 19 ကာကွယ်ဆေးအလုံးရေ (၂) သိန်းမှာ ပထမအသုတ်အဖြစ် ဖေဖေါ်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ပြီး မတ်လတွင် ကာကွယ်ဆေးအလုံးရေ (၈)သိန်းနှင့် ဧပြီလတွင် နောက်ထပ်အလုံးရေ (၁)သန်း ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားထားသည်။

တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ တင်သွင်းရန်ကြိုးစားနေသည့်နည်းတူ ထိုင်းနိုင်ငံတွင်လည်း AstraZeneca Plc ထံမှ နည်းပညာလွှဲပြောင်းယူရန် သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံတွင်း ထုတ်လုပ်နေသည့် COVID 19 ကာကွယ်ဆေးများကိုလည်း မေလအတွင်း စတင်ဖြန့်ဖြူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်၌ WHO ၏ Covax အစီအစဉ်အပါအဝင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ဖြစ်သည့် (၃၃) သန်းကို ကာကွယ်ဆေးထိုးပြီးဖြစ်မည်ဟု ခန့်မှန်းထားပြီး အခြားကာကွယ်ဆေးရနိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် စမုစခွန်ဒေသမှ ပြန်လည်စတင်သည့် COVID 19 ဒေသတွင်းကူးစက်မှု မြင့်တက်လာမှုကြောင့် ဘန်ကောက်အပါအဝင် ခရိုင် (၂၇) ခု၌ လူစုလူဝေးပြုလုပ်ခြင်းများ၊ လူစုလူဝေးဖြစ်စေသည့် လုပ်ငန်းများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစ၍ ကန့်သတ်ခြင်းများကို ထိုင်းဝန်ကြီးချုပ်က ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency

Source: Bangkok Post

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။