တရုတ်နိုင်ငံတွင် စည်းမျဥ်းများ ဖြေလျှော့လိုက်မှုနှင့်အတူ COVID-19 လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေဟု ကျွမ်းကျင်သူကပြော

တရုတ်နိုင်ငံတွင် စည်းမျဥ်းများ ဖြေလျှော့လိုက်မှုနှင့်အတူ COVID-19 လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေဟု ကျွမ်းကျင်သူကပြော
By Mr John

 တရုတ်အစိုးရက ၎င်း၏ တင်းကျပ်သော ကပ်ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်မှုနှင့်အတူ COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း နိုင်ငံ၏ ထိပ်တန်း ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက သတိပေးလိုက်သည်။ 

မဖြစ်မနေ COVID-19 စစ်ဆေးရမှုကို လျှော့ချရန်၊ ကူးစက်ခံရသည့် အချို့လူနာများကို နေအိမ်၌ပင် ကွာရန်တင်းနေခွင့်ပြုရန်နှင့် အကြီးစား lockdown လုပ်မှုများ ပယ်ဖျက်ရန် အစိုးရက ဆုံးဖြတ်လိုက်ပြီးနောက် ကူးစက်မှုများ မြင့်တက်လာနိုင်ကြောင်း မျှော်လင့်ထားကြရာ ဘေဂျင်းမြို့တော်တွင် ဈေးဆိုင်နှင့် စားသောက်ဆိုင်များ ခြောက်ကပ်နေသည်ဟု ဆိုသည်။

အစိုးရသတင်းဌာနက ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Zhong Nanshan က တရုတ်တွင် ပျံ့နှံ့နေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်မှာ အလွန်ကူးစက်နိုင်ပြီး ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်မှုကို ဦးတည်နိုင်ကြောင်း ပြောခဲ့သည်။ 

"လက်ရှိ အိုမီခရွန်မျိုးကွဲက အလွန်ကူးစက်နိုင်ပါတယ်။ လူတစ်ဦးကနေ နောက်ထပ်  လူ (၂၂) ဦးကို ကူးစက်စေနိုင်ပါတယ်" ဟု ကပ်ရောဂါကာလတစ်လျှောက် တရုတ်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ Zhong က သတိပေးသည်။



"လက်ရှိ တရုတ်မှာဖြစ်ပွားနေတဲ့ ကူးစက်မှုက လျင်မြန်စွာ ပျံ့နှံ့နေပြီး ဒီလိုအခြေအနေမှာ ဘယ်လို ပြင်းထန်တဲ့ ကာကွယ်မှုနဲ့ ထိန်းချုပ်မှုလုပ်ပေမဲ့လည်း ကူးစက်မှုကွင်းဆက်ကို လုံးဝ ဖြတ်တောက်ပစ်ဖို့ ခက်ခဲပါလိမ့်မယ်" ဟု ၎င်းက သုံးသပ်သည်။ 

တရုတ်အစိုးရက ၎င်း၏ "zero-COVID" မူဝါဒကို တစ်နိုင်ငံလုံးအနှံ့ ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုမူဝါဒါအရ သတ်မှတ်ထားခဲ့သည့် စည်းမျဥ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။

သို့သော် တရုတ်တွင် ကူးစက်မှုများ မြင့်တက်လာနေပြီး ထိုအခြေအနေကို ကိုင်တွယ်ဆောင်ရွက်ရန် အသင့်ပြင် မထားရသေးသည့်အပြင် သန်းနှင့်ချီသည့် သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမပေးရသေးကြောင်းနှင့် ဘဏ္ဍာငွေ မလုံလောက်သည့် ဆေးရုံများကလည်း များပြားလှသော လူနာအရေအတွက်ကို လက်ခံကုသပေးနိုင်စွမ်းမရှိကြောင်း သိရသည်။

Source: AFP