တရုတ်စစ်တပ်က သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ပေါ်

တရုတ်စစ်တပ်က သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ပေါ်
စက်တင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ အတည်မပြုနိုင်သော သတင်းများ အံ့ဩတုန်လှုပ်ဖွယ် ထွက်ပေါ်လာနေသည်။ 

တရုတ်မီဒီယာများက ထိုကောလာဟလများကို အတည်မပြုသေးသော်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army (PLA) က သမ္မတရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ကြောင်း တရုတ်လူမျိုးများက Twitter တွင် ရေးသားနေကြသည်။

တရုတ်တရားရုံးတစ်ရုံးက လုံခြုံရေးပိုင်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာလ (၂၄) ရက်တွင် ယခုသတင်းများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ထိုလုပ်ရပ်မှာ ရှီကျင့်ဖျင်က ၎င်းကိုယှဥ်ပြိုင်လာသည့် နိုင်ငံရေးအုပ်စုမျာကို ဖြိုခွင်းမှုအဖြစ် ရှုမြင်နေကြသည်။ 

အဆိုပါ လုံခြုံရေးပိုင်းဆိုင်ရာ ထိပ်တန်းခေါင်းဆောင်မှာ Sun Lijun ဖြစ်ပြီး ၎င်းက ကိုယ်ပိုင်နိုင်ငံရေးအုပ်စုတစ်ခု ထူထောင်ခဲ့သည်ဟုလည်း ဆိုသည်။

Sun Lijun ၏ နိုင်ငံရေးအုပ်စုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသူ တရားရေးဝန်ကြီးဟောင်း  Fu Zhenghua ကိုလည်း တရုတ်တရားရုံးက လာဘ်ပေးလာဘ်ယူမှုဖြင့် စက်တင်ဘာလ (၂၂) ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။ 

ထို့အပြင် ယခုသီတင်းပတ်အတွင်း ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ (၃) ဦးကိုလည်း ပြစ်ဒဏ်များချမှတ်ခဲ့သေးပြီး ၎င်းတို့ကိုလည်း Sun Lijun ၏ နိုင်ငံရေးအုပ်စုတွင် ပါဝင်သည်ဟု စွပ်စွဲခဲ့သည်။

 Fu Zhenghua နှင့် ရဲအရာရှိ (၃) ဦးက သမ္မတရှီကျင့်ဖျင်ကို သစ္စာမရှိမှုဖြင့်လည်း စွပ်စွဲခံခဲ့ရကြောင်း သိရသည်။

သမ္မတရှီကျင့်ဖျင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရကြောင်း သတင်းနှင့်ပတ်သက်၍ အမေရိကန်တွင် နေထိုင်လျက်ရှိသည့် တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Jennifer Zeng က သူမ၏ Twitter တွင် ဗီဒီယိုတစ်ခုတင်ထားခဲ့ပြီး PLA တပ်ဖွဲ့များ ဘေဂျင်းသို့ ဦးတည်လာနေကြောင်း ပြောထားသည်။ 

ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ Chinese Communist Party က ရှီကျင့်ဖျင်ကို PLA ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားလိုက်ပြီးနောက် ၎င်းကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း ကောလာဟလများလည်း ထွက်ပေါ်နေသည်ဟု Jennifer Zeng က Twitter တွင် ရေးထားသည်။

တရုတ်ဘက်မှ ထွက်ပေါ်လာသော သတင်းများအရ စက်တင်ဘာလ (၂၄) ရက်နေ့က တရုတ်တွင် လေကြောင်းခရီးစဥ် (၆၀) ရာခိုင်နှုန်းကို အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ 

အမေရိကန်တွင် နေထိုင်သည့် တရုတ်စာရေးဆရာ Gordon Chang ကလည်း Twitter တွင် ဗီဒီယိုတစ်ခု တင်ထားပြီး ရေးသားထားရာတွင် ထိပ်တန်းအစိုးရအရာရှိများကို ထောင်ဒဏ်ချမှတ်ခြင်းနှင့် နိုင်ငံတွင် လေကြောင်းခရီးစဥ် (၅၉) ရာခိုင်နှုန်း ရပ်ဆိုင်းခဲ့ပြီးနောက် စစ်ကားများ ဘေဂျင်းသို့ ဦးတည်လာသည်ကို ချက်ချင်း တွေ့လာရသည်ဟု ဆိုသည်။

"မီးခိုးတွေအများကြီးထွက်နေတာက တရုတ်ကွန်မြူနစ်ပါတီထဲက တစ်နေရာရာမှာ မီးလောင်နေပြီလို့ ဆိုလိုတာပဲ။ တရုတ်က မတည်မငြိမ်ဖြစ်နေပြီ" ဟုလည်း ၎င်းက Twitter တွင် ပြောထားသည်။ 

တစ်ချိန်တည်း၌ပင် တရုတ်ပြည်တွင်း လေကြောင်းခရီးစဥ်များ ပုံမှန်ထက် လျော့နည်းခဲ့ကြောင်း သတင်းမျာလည်း ထွက်ပေါ်လာခဲ့သည်။ 

ကောလာဟလများအရ တရုတ်ပြည်သူ့လွတ်မြောhက်ရေးတပ်မတော် (PLA) မှ ဗိုလ်ချုပ်ကြီး Li Qiaoming က ရှီကျင့်ဖျင်နေရာကို အစားထိုးပြီး ခေါင်းဆောင်ဖြစ်လာနိုင်သည်ဟု ဆိုသည်။

Source: HW News